ရခိုင်မြောက်ပိုင်းဒေသမှာ တပ်မတော်က အဆောက်အဦးတွေ တည်ဆောက်နေတယ်လို့ AI အဖွဲ့ပြော
2018.03.12

ရခိုင်ပြည်နယ် မြောက်ပိုင်းက ပျက်ဆီးသွားတဲ့ ရွာတွေမှာ မြန်မာ့တပ်မတော်က စစ်အခြေစိုက် အဆောက်အဦးတွေ တည်ဆောက်နေတယ်လို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီနေ့ပြောလိုက်ပါတယ်။
ဂြိုဟ်တုဓါတ်ပုံတွေ၊ မျက်မြင်သက်သေတွေရဲ့ အဆိုအရ အဲဒီဒေသမှာ မီးလောင်ပျက်စီးသွားတဲ့ ရွာတွေကို ဘူလ်ဒိုဇာတွေနဲ့ မြေညှိရှင်းလင်းပြီး၊ ရဟတ်ယာဉ် ဆင်းနိုင်မယ့် ကွင်းတွေ၊ လမ်းတွေ၊ စစ်တပ်အခြေစိုက်မယ့် အဆောက်အဦးတွေ တည်ဆောက်နေပြီး စစ်တပ် ကြီးစိုးလို့ရမယ့် အခြေအနေ ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။
ရွာပျက်နေရာတွေမှာ အဲဒီလို ဘူလ်ဒိုဇာတွေနဲ့ ရှင်းလင်းမြေညှိတယ်ဆိုတာ အိုးသစ်အိမ်သစ်ရွာသစ်တွေ ပြန်ပြီးတည်ဆောက်ဖို့ လုပ်နေတာလို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုထားသလို၊ ရိုဟင်ဂျာရွာတွေကို မီးရှို့မောင်းထုတ်တယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်ကိုလည်း အစိုးရက ငြင်းဆိုထားပါတယ်။