စစ်ပွဲတွေ ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးဖို့ ALP ခေါင်းဆောင်တိုက်တွန်း
2016.04.23

ရခိုင်ပြည်နယ်တွင်း ရခိုင့်တပ်မတော် AA နဲ့ မြန်မာအစိုးရတပ်တွေရဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းပြီး နှစ်ဘက်ဆွေးနွေးညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးဖို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဒေါ်စောမြရာဇာလင်းက တိုက်တွန်းလိုက်ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူလူထု စိုးရိမ်မကင်းဖြစ်နေရတာတွေနဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး အတွက် အခုလို တောင်းဆိုရတာဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကစပြီး အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က ယာယီတပ်ရင်းမှူး အပါအဝင် အရာရှိစစ်သည်တချို့ ကျဆုံးခဲ့ပြီး ဘူးသီးတောင်နဲ့ ဒုက္ခသည် ၅ ရာနီးပါးခန့် အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။