ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော်အရာရှိ တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အထက်လွှတ်တော် ဆီးနိတ်က အဆင့်မြင့် အရာရှိတဦး ပါဝင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက နေအိမ်မှာ လာရောက် တွေ့ဆုံခဲ့တယ်လို့ သတင်း ရရှိပါတယ်။

2011.01.11
assk_speech_youth_305_z.png အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါတီ ဌာနချုပ်ရုံးတွင် ၂၀၁၀ ဒီဇင်ဘာ ၂၈ ရက်က လူငယ်များအား မိန့်ခွန်းစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: RFA

ဒီအဖွဲ့မှာ အမေရိကန် အထက်လွှတ်တော်က ရီပါဘလစ်ကန်ပါတီ ခေါင်းဆောင် အမတ် Mitch McConnell ရဲ့ အကြီးတန်းအရာရှိ နဲ့ အထက်လွှတ်တော် ငွေကြေးသုံးစွဲမှုဆိုင်ရာ ကော်မတီ အဖွဲ့ဝင် Mr. Paul Grove ပါဝင်ပြီး အမေရိကန်သံရုံး ယာယီတာဝန်ခံလည်း ပါဝင်တယ်လို့ အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူ ဦးအုံးကြိုင်က ပြောပြပါတယ်။

“အမေရိကန်က အထက်လွှတ်တော်အမတ် မစ်ချ် မက်ကော်နယ်လ်ရဲ့ လက်ထောက်၊ လွှတ်တော်အရာရှိ ပေါလ် ဂရို့ဗ်နဲ့ နောက် အဖွဲ့ဝင်တဦးပေါ့ဗျာ၊ နောက် ရန်ကုန်မှာရှိတဲ့ အမေရိကန် ယာယီတာဝန်ခံ သံမှူးပေါ့၊ အဲဒီအဖွဲ့က ဒီနေ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို သူမရဲ့ နေအိမ်မှာ မနက် ၁၀ နာရီခွဲက လာရောက် တွေ့ဆုံပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ အခု မြန်မာနိုင်ငံမှာ နောက်ဆုံး ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အထွေထွေ အခြေအနေတွေ အားလုံးကို ဆွေးနွေးကြတာပါပဲ။”

“လာတဲ့ မစ္စတာ ပေါလ် ဂရို့ဗ်ဆိုတဲ့ ပုဂ္ဂိုလ်က အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုများကို ခိုင်ခိုင်မာမာ ဆက်လက် ထောက်ခံ သွားမှာ ဖြစ်ပါတယ် ဆိုတဲ့အကြောင်းကို ပြောသွားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သံအရာရှိတွေ တွေ့ဆုံစဉ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့လည်း တက်ရောက်ခဲ့ပါတယ်။

၁ နာရီခန့် ဆွေးနွေးခဲ့ပြီး လက်ရှိ မြန်မာ နိုင်ငံရေးအခြေအနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက် မူဝါဒတွေကို အဓိက ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးချက် အသေးစိတ်ကိုတော့ အန်အယ်ဒီက ထုတ်ပြန်ပြောဆိုခြင်း မရှိပါဘူး။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက်၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းမှာ ဆက်လက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။