အေဒီ ၈ ရာစုခန့်က ရွှေအတိ ဆင်းတုတော် မြောက်ဦးမြို့မှာ တူးဖော်တွေ့ရှိ

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရွှေအတိနဲ့ သွန်းလောင်းထားတဲ့ ရှေးဟောင်းဘုရား ရုပ်ထုတဆူကို မေလ ၃ဝ ရက်နေ့က တူးဖော် တွေ့ရှိတယ်လို့ သတင်း ရရှိပါတယ်။

2011.06.04
buddha_myauk_u_arakan_305_z.png ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ လေးမျက်နှာဘုရား အတွင်းရှိ ရှေးဟောင်း ရုပ်ပွားတော်များ ဖြစ်ပါသည်။ ရခိုင် မင်းနေပြည်တော်ဟောင်း မြောက်ဦးမြို့တွင် အဖိုးမဖြတ်နိုင်သော ရှေးဟောင်း ဘုရားနှင့် သမိုင်းဝင် အဆောက်အအုံ များစွာ တည်ရှိနေပါသည်။ (Photo: Jmhullot/ WikiMedia)
(Photo: Jmhullot/ WikiMedia)

အဲဒီဘုရားကို လောကမဉ္စူ ရှေးဟောင်းဘုရားလို့ ခေါ်ဆိုပြီး အေဒီ ၈ ရာစုလောက်က လက်ရာလို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

ဘုရားရုပ်ထုတော်ရဲ့ ဉာဏ်တော်ဟာ ၁ဝ လက်မ ရှိပြီး ရွှေအလေးချိန် ၄ ပိဿာနဲ့ ၆၄ ကျပ်သား ရှိတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်အမတ် ဦးအောင်ထွန်းသာ က RFA ကို အခုလို ပြောပါတယ်။

“ပိဿာ အကြီးနဲ့ ချိန်ထားတာ ဖြစ်လို့။ ကိုယ့်ဒေသက ပိဿာနဲ့ဆိုရင် ၅ ပိဿာကျော် ရှိတယ်။ ဒီဘုရားကို နေပြည်တော်အထိ ယူမယ်ဆိုပြီး အမိန့်နဲ့ လာကြတယ်။ လာတော့ ကျနော်တို့မြို့က ပုဂ္ဂိုလ်တွေက ဒါတွေကို သိပ်သဘောမကျလို့ ပြည်နယ်ဝန်ကြီးချုပ်ကို ဖုန်းဆက်တယ်။ ဝန်ကြီးချုပ်က ဖုန်းဆက်လိုက်တဲ့အခါ နေပြည်တော်မှာ ဒီကိစ္စကို ဆွေးနွေးကြတယ်။ ဆွေးနွေးပြီးတော့ တနာရီလောက်အကြာမှာ ဒီဘုရားကို နေပြည်တော်ကို မပင့်တော့ဘူး၊ မြောက်ဦးမှာပဲ ထားလိုက်ပါ ဆိုပြီး အကြောင်းကြားပါတယ်။ ဒါကြောင့် ကျနော်တို့ မြောက်ဦးမှာပဲ ကိန်းဝပ် စံပယ်တော်မူမှာ ဖြစ်ပါတယ်”

အဲဒီနေ့က မြောက်ဦးမြို့နယ်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်းဘုရား ရုပ်ထု စုစုပေါင်း ၃၇ ဆူ ဖြစ်ပြီး အဲဒီထဲမှာ အခုလို ရွှေအတိနဲ့ သွန်းထုထားတဲ့ ဘုရားတဆူ ပါလာတာလို့ မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။