အမ်းမြို့နယ်မှာ ချင်းလူမှုရေးအသင်းရုံးနဲ့ အိမ် ခြောက်လုံးမီးလောင်
2020.12.29

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒလက်ချောင်းက ရှမ်းကုန်းကျေးရွာမှာ မနေ့ည ၁၂ နာရီဝန်းကျင်က ချင်းလူမှုရေးအသင်းရုံး အဆောက်အအုံနဲ့ အိမ် ခြောက်ဆောင် မီးလောင်သွားတယ်လို့ ချင်းလူသားချင်း စာနာထောက်ကူညီပေးရေးအဖွဲ့ CHAT က RFA ကို ဒီနေ့မနက်က ပြောပါတယ်။
ဒီမီးဟာ ရှို့မီးဖြစ်ပြီး ဘယ်သူဘယ်ဝါက ရှို့တယ်ဆိုတာကိုတော့ ဒေသခံတွေက လုံခြုံရေးအရ မပြောကြဘူးလို့ CHAT အဖွဲ့က ဆလိုင်းဝင်းမောင်က ပြောပါတယ်။
မီးလောင်သွားတဲ့ နေအိမ်တွေဟာ ဦးပိုင်၊ ဦးငမောင်၊ ဦးအောင်ရွှေ၊ ကိုမောင်လတ်၊ ဦးဘတင်၊ ကိုကျော်သူလင်းတို့ နေအိမ်တွေနဲ့ ချင်းလူမှုရေးအသင်းရုံး အဆောက်အအုံတို့ဖြစ်ပြီး အကုန်လုံးပြာကျ သွားတယ်လို့လည်း သူက ဆိုပါတယ်။
အမ်းမြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးအောင်သန်းဌေးကတော့ အဲဒီမီးလောင်သွားတဲ့နေအိမ်တွေဟာ လူမနေတဲ့အိမ်တွေဖြစ်ပြီး အဲဒီအိမ်တွေမှာလူမရှိပေမယ့် ပတ်ဝန်းကျင်းမှာ လူတွေရှိနေတဲ့အတွက် ရှို့မီးမဖြစ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။
အဲဒီလူမရှိတဲ့ နေအိမ်တွေမှာ လူငယ်တွေ ဆေးလိပ်သောက်တာပဲဖြစ်ဖြစ် မီးနဲ့ပတ်သက်တာ တစ်ခုခုကို အသုံးပြုတဲ့အချိန်မှာမေ့ပြီး ကျန်ခဲ့တဲ့တာစတဲ့ ပေါ့ဆမှုတစ်ခုခုကြောင့် မီးလောင်သွားတာဖြစ်နိုင်တယ်လို့လည်း အမ်းမြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးအောင်သန်းဌေးက ဆိုပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး ရှမ်းကုန်းကျေးရွာဒေသခံတွေကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မီးလောင်မှုဖြစ်ပွားတဲ့ကျေးရွာဟာ မြို့နဲ့အလှမ်းဝေးတာကြောင့် မီးလောင်ဆုံးရှုံးမှုပမာဏနဲ့ ဖြစ်စဉ်အသေးစိတ်ကို အခုအချိန်မှာ ကွင်းဆင်းစစ်ဆေးနိုင်ခြင်းမရှိသေးဘူးလို့ သူက ဆိုပါတယ်။
ရှမ်းကုန်းကျေးရွာမှာ နေအိမ် ၁၂၃ ဆောင်ရှိပြီး ချင်းလူမျိုးတွေနေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။
အဲဒီကျေးရွာအနီးပတ်ဝန်းကျန်းတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ကျေးရွာသားတွေဟာ အမ်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်စတဲ့မြို့တွေကို ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေရှိတယ်လို့လည်း သိရပါတယ်။