ရွေးကောက်ပွဲကော်မရှင်မှာ ANP ပါတီကို မှတ်ပုံတင်ပြီ
2014.01.27

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ၂ ခု ပူးပေါင်းထားတဲ့ ရခိုင်အမျိုးသားပါတီ Arakan National Party ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်လိုက်ပြီလို့ ပါတီခေါင်းဆောင်တွေက ဒီကနေ့ ပြောကြပါတယ်။
ပါတီအသစ်အမည်နဲ့ မှတ်ပုံတင်ကျလာရင် ညီလာခံကျင်းပဖို့ ပြင်ဆင်သွားမယ်လို့ ကော်မရှင်ရုံးကို ဒီကနေ့ သွားရောက်မှတ်ပုံတင်ရာမှာပါဝင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ဥက္ကဌ ဦးအေးသာအောင်က RFA ကို ပြောပါတယ်။
"ကျနော်တို့ ၁၁ နာရီ ၄၅ မှာ တင်ပါတယ်၊ အဓိကကတော့ ကျနော်တို့က ဒီ ၂ ပါတီပေါင်းဖို့ အကြိမ်ကြိမ်ဆွေးနွေးပြီးတော့ ပေါင်းဖို့သဘောတူညီခဲ့ပြီ၊ နောက်တစ်ခုက မြို့နယ် ၁၇ မြို့နယ် ပြီးတော့ရန်ကုန်၊ ပလက်ဝမှာရှိတဲ့ ALD နဲ့ RNDP နှစ်ဖွဲ့ကို ANP ပါတီအဖြစ် ပေါင်းစည်းပေးဖို့ရှိပါတယ်"
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပါတီမှတ်ပုံတင်ခွင့်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်တာဖြစ်ပါတယ်။