ANP ညီလာခံ လာမယ့်နှစ်ဆန်းမှာ ကျင်းပမည်
2018.05.07

ရခိုင်အမျိုးသားပါတီ ANP ညီလာခံကို လာမယ့်နှစ်ဆန်းပိုင်းမှာကျင်းပဖို့ ဒီနေ့ပြုလုပ်တဲ့ ပါတီဗဟို အလုပ် အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
၂ဝ၂ဝ ရွေးကောက်ပွဲနဲ့ နီးကပ်နေပြီဖြစ်တာကြောင့် ၂ဝ၁၉ နှစ်ဆန်းပိုင်းမှာ ပြုလုပ်ဖို့ဆုံးဖြတ်ကြတာလို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။
"၂၀၁၀ ရွေးကောက်ပွဲနဲ့လည်း နီးစပ်လာပြီ၊ ကျနော်တို့ ရွေးကောက်ပွဲကို ဖြတ်သန်းရတော့မယ်၊ အဲဒါကြောင့် ဗဟို အလုပ်အမှုဆောင်ကော်မတီက ဆုံးဖြတ်လာတာ ၂၀၁၉ နှစ်ဆန်းပိုင်းလောက်မှာ ညီလာခံကို လုပ်သင့်တယ် လို့ ဗဟိုကော်မတီကို တင်ပြဖို့အတွက် ဆုံးဖြတ်ပါတယ်"
ဒီနေ့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ပါတီဗဟိုကော်မတီထံ တင်ပြပြီး အတည်ပြုချက် ရယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပါတီညီလာခံကို ၂ဝ၁၇ နှစ်ကုန်ပိုင်းမှာပြုလုပ်ဖို့ ကနဦးဆုံးဖြတ်ခဲ့ပေမယ့် မောင်တောဒေသမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရွှေ့ဆိုင်းပြီး လာမယ့်နှစ်ဆန်းပိုင်းမှာပြုလုပ်နိုင်ဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ ပြောပါတယ်။
ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအလုပ်အမှုဆောင်၊ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အစည်းအဝေးကို စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်မှာ ဒီနေ့ကနေ မနက်ဖြန်အထိ နှစ်ရက်တာ ကျင်းပပြုလုပ်တာဖြစ်ပြီး မနက်ဖြန်မှာ မွတ်စလင်အရေးကိစ္စပါဝင်တဲ့ သဘောထားကြေညာချက် တစ်စောင်ကို ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
ရခိုင်အမျိုးသားပါတီ ANP ရဲ့ ပထမဆုံးအကြိမ် ပါတီညီလာခံကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာလက သံတွဲမြို့မှာ ကျင်းပခဲ့ပါတယ်။