ပါတီအလုပ်အမှုဆောင် ၆ ဦးကို အရေးယူဖို့ ANP ဆုံးဖြတ်
2016.03.12
ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ခွင့်ပြုချက်မပါဘဲ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ ANP ပါတီရဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ၆ ဦးကို အရေးယူသွားဖို့ ဒီနေ့ အရေးပေါ်ကျင်းပတဲ့ ANP ပါ တီဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
ဘယ်လိုပုံစံနဲ့ အရေးယူမယ်ဆိုတာကို မနက်ဖြန် ဆက်လက်ကျင်းပမယ့် အစည်းအဝေးမှာ ဆုံးဖြတ်သွားမှာဖြစ် တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဒုဥက္ကဌ ဦးဖိုးမင်းက ပြောပါတယ်။
"တော်ဝင်နှင်းဆီမှာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ၆ ဦးကို အရေးယူဖို့အတွက် သဘောတူကြပါတယ်၊ အရေးယူမယ့်ကိစ္စကတော့ ဗဟိုကော်မတီနဲ့မဆိုင်ဘူးလေ၊ အဲ့ဒါ ပါတီ CEC နဲ့ ဆိုင်တဲ့အတွက်ကြောင့် ပါတီ CEC အနေနဲ့ အဲ့ဒီဗဟိုကော်မတီတွေရဲ့ တင်ပြချက်တွေကို အကုန်လုံးမှတ်တမ်းတင်ပြီးတော့ မနက်ဖြန်မှာ ကျနော်တို့ပါတီ အလုပ်အမှုဆောင်ကော်မတီ စစ်တွေမှာ ပြန်ဆွေးနွေးတဲ့အချိန်မှာ ဘယ်လိုအရေးယူမယ် ဆိုတာ အဲ့ဒီမှပဲ ဆုံးဖြတ်မှာပါ"
ဒါ့အပြင် အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီကသာ မရခဲ့ရင် ဘယ်အစိုးရအဖွဲ့မှာမှ ပါဝင်မှာမဟုတ်ပဲ အတိုက်အခံအဖြစ်နဲ့ ရပ်တည်သွားမယ်ဆိုတာနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ မဟာမိတ်ဆက်ဆံရေးကို ရပ်စဲသွားမယ်ဆိုတဲ့အကြောင်း ပါတီကထုတ်ပြန်ထားတဲ့ ကြေညာချက်တွေအတိုင်း ဆက်လက်ရပ်တည်သွားဖို့ကိုလည်း ဒီနေ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ထပ်မံဆုံးဖြတ်ခဲ့ကြပါတယ်။
ANP ပါတီရဲ့ အဲ့ဒီကြေညာချက် နှစ်စောင်ဟာ တရားမဝင်တဲ့အတွက် လက်မခံနိုင်ကြောင်း ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေဖြစ်ကြတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆ ဦးက ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းခဲ့တာပါ။
ရခိုင်အမျိုးသားပါတီ ANP ဟာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ပါတီနှစ်ခု ပေါင်းစည်းထားတာဖြစ်ပါတယ်။ ဒီနေ့ကျင်းပတဲ့ ပါတီအရေးပေါ် အစည်းအဝေးကို ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဗဟိုကော်မတီဝင် ၄၇ ဦး တက်ရောက်ခဲ့ပြီးတော့ ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေကတော့ တစ်ဦးတစ်ယောက်မှ အစည်းအဝေး လာမတက်ကြဘူးလို့ သိရပါတယ်။
ANP ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။