ပြည်နယ်အစိုးရဖွဲ့စည်းခွင့် ရခိုင်အမျိုးသားပါတီ တောင်းဆို
2016.01.20

ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံးအနိုင်ရရှိထားတဲ့ ANP ရခိုင်အမျိုးသားပါတီအနေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်မရှိဘူးဆိုရင် ဘယ်အစိုးရအဖွဲ့အစည်းတွေမှာမှ ပါဝင်မှာမဟုတ်ဘဲ အတိုက်အခံနိုင်ငံရေးပါတီအဖြစ် ရပ်တည်သွားမှာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်တွေထဲက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာရရှိဖို့ ရည်မှန်းထားပြီး ပြည်နယ်တွေမှာ အနိုင်ရပါတီကသာ အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ရှိရမှာဖြစ်တယ်လို့ ပါတီရဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ဇောဦးက ပြောပါတယ်။
"၂ဝ၁၅ အလွန်မှာ ရခိုင်အမျိုးသားပါတီက CEC ရဲ့ ဆုံးဖြတ်ချက်အရ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နေရာရရှိရေးကို ကျနော်တို့ ရည်မှန်းထားတယ်၊ ဒီပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက ခန့်အပ်နိုင်တယ်ပေါ့နော်၊ ဒါပေမဲ့ တကယ်လို့များ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို တကယ်တမ်း လိုလားတယ်၊ တိုင်းရင်းသားတွေအပေါ်မှာ တန်းတူညီမျှရေးကို တကယ်တမ်း လိုလားတယ်ဆိုရင် ဒါကိုဖွဲ့စည်းပုံမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဒါဟာတိုင်းရင်းသားတွေ အကုန်လုံးကို ပြည်နယ်မှာ အနိုင်ရတဲ့ပါတီကို ဒီလိုဖွဲ့စည်းခွင့်ပေးခြင်းအားဖြင့် ဒီလမ်းကိုလျှောက်နေပါတယ်ဆိုတာ ပြနိုင်မှာပါ"
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်အများဆုံး အနိုင်ရရှိထားတဲ့ ပါတီဖြစ်ပြီး အစိုးရအဖွဲ့ကို ဖွဲ့ခွင့်ရှိမှာဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်တာဖြစ်တဲ့အတွက် အနိုင်ရပါတီဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေးအတွက် ANP ပါတီနဲ့ ဆွေးနွေးဖို့ဆန္ဒရှိမယ်ဆိုရင် လက်ခံသွားမယ်လို့လည်း မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဲဒီကြေညာချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်မှာ NLD ပါတီဝင် မြို့မိမြို့ဖတွေ၊ ပါတီကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲမှာ NLD ပါတီက ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းသွားမယ်လို့ ပြောဆိုမှုတွေရှိခဲ့တာဟာ ရခိုင်အမျိုးသားပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အကြား လျှောက်လှမ်းရမယ့်လမ်းကြောင်းကို အဟန့် အတားဖြစ်စေတယ်လို့လည်း ပါရှိပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်လွှတ်တော်အတွက် ရခိုင်အမျိုးသားပါတီက ၂၃ နေရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၃ နေရာအသီးသီး အနိုင်ရရှိထားကြတာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
တဆက်တည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။