အမုန်းစကား လျော့နည်း ပပျောက်ရေး ဆွေးနွေး
2014.04.24
အမုန်းစကား Hate speech ပြောဆိုမှု ပပျောက် လျော့နည်းသွားရေးအတွက် ငယ်စဉ်ကတည်းက မိဘတွေက ပညာပေးဖို့၊ အမုန်းစကား ပြောဆိုမှုနဲ့ပတ်သက်ပြီး အသိပညာပေးတဲ့ပွဲတွေ ကျင်းပသွားဖို့ ၊ မိတ်ဆွေအပေါင်းအသင်း အချင်းချင်းကြားမှာ အမုန်းစကားတွေ ရှောင်ကျဉ်ရေး အသိပညာတွေဝေမျှသွားဖို့နဲ့ ဥပဒေကြောင်းအရ တရားစွဲဆိုအရေးယူသွားဖို့ လိုအပ်ကြောင်း မီဒီယာဥပဒေအကြံပေး ဒေါက်တာ Venkatlyer က ဒီကနေ့ ပြောလိုက်ပါတယ်။
ဒီနေ့ရန်ကုန်မြို့ တာမွေမြို့နယ် sky Star ဟိုတယ်မှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ Friedrich Ebert Stiftung (FES) တို့ ပူးပေါင်းကျင်းပတဲ့ Hate speech နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ဒေါက်တာ Venkatlyer က အခုလို ပြောကြားသွားတာပါ။
"ငယ်ငယ်ကတည်းက ပညာပေးဖို့လိုပါတယ်၊ အဲဒီပညာဆိုတာဟာ ကျောင်းသင်ပညာ မဟုတ်ပါဘူး၊ မိဘအသိုင်းအဝိုင်းက ပညာပေးဖို့လိုပါတယ်"
မီဒီယာ ဥပဒေအကြံပေး DR Venkatlyer က ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ဟာ မရှိမဖြစ်အရေးကြီးကြောင်း ပြောပါတယ်။
ဒါ့အပြင် သတင်းစာလွတ်လပ်ခွင့်အရ သတင်းတွေကို ရေးသားပြောဆိုရာမှာ အစိုးရ အာဏာပိုင်တွေဘက်က သတင်းမီဒီယာသမားတွေဟာ အမုန်းပွားစေတဲ့စကားတွေကို ပြောဆိုရေးသားတယ်လို့ သတ်မှတ်ဖို့ မသင့်သလို ၊ မီဒီယာတွေဘက်ကလည်း လူမျိုးရေး ၊ ဘာသာရေး ပဋိပက္ခတွေ မဖြစ်စေရေး စောင့်ထိန်းရေးသားဖို့လိုအပ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ် ။