ALD နဲ့ ပူးပေါင်းဖို့ APP ကမ်းလှမ်း
2017.12.20

ရခိုင်မျိုးချစ်ပါတီ APP က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီနဲ့ ပူးပေါင်းဖို့ ကမ်းလှမ်းထားတယ်လို့ ရခိုင်မျိုးချစ် ပါတီ APP တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
ပါတီတွေပူးပေါင်းပြီးမှ အကွဲအပြဲတွေမဖြစ်အောင် စနစ်တကျညှိနှိုင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ရခိုင် မျိုးချစ်ပါတီ APP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ထွန်း က ပြောပါတယ်။
"ပါတီပေါင်းစည်းရေးကို ရှေ့မှာ ကျနော်တို့ သင်ခန်းစာရခဲ့ပြီ၊ နောက်တစ်ခါ ဒီလိုမျိုးမဖြစ်ရအောင် ကြိုတင်ပြင်ဆင်မှုအနေနဲ့က ပါတီပေါင်းစည်းရေးကို စနစ်တကျကော်မတီတွေဖွဲ့မည်၊ ပါတီမူဝါဒကို စနစ်တကျရေးဆွဲမယ်၊ ရှေ့ကဖြစ်ခဲ့တဲ့ဟာမျိုး မဖြစ်ရအောင် ကျနော်တို့အဲလိုစီစဉ်ရမယ်"
ရခိုင်မျိုးချစ်ပါတီ APP ရဲ့ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ရည်ရွယ်ချက်တူ၊ မူဝါဒတူတဲ့ ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် ALD နဲ့ နှစ်ပါတီကို တစ်ပါတီတည်းဖြစ်အောင်ပူးပေါင်းဖို့ ကမ်းလှမ်းလိုက်တာလို့ ဆိုပါတယ်။
ပါတီရဲ့ ကမ်းလှမ်းချက်ကို ဒီဇင်ဘာ ၁၈ ရက်နေ့ နေ့စွဲနဲ့ ပေးပို့လိုက်တာဖြစ်ပြီး ဒီနေ့အထိ တစ်စုံတရာ အကြောင်းပြန်တာ မရှိသေးဘူးလို့ ဦးခင်မောင်ထွန်းက ပြောပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးမျိုးကျော်ကတော့ ဒီကမ်းလှမ်းချက်နဲ့ ပတ်သက် ပြီး လာမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ တောင်ကုတ်မြို့မှာကျင်းပမယ့် ပါတီဗဟိုကော်မတီအစည်းအဝေး မှာ ဆွေးနွေးသွားမယ်လို့ပြောပါတယ်။