နှစ်လအတွင်း စစ်ကောင်စီ တပ်သား ၁၁၄ ဦး သေဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ထုတ်ပြန်
2023.05.27

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေ KNU/ KNLA လက်အောက်ခံ ပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်အကြား နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိနဲ့ တပ်သားတွေ အပါအဝင် ၁၁၄ ဦး သေဆုံးပြီး၊ ၁၂၉ ဦး ဒဏ်ရာရခဲ့ကာ ၁၁ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ နှစ်လအတွင်း စစ်ကောင်စီ စစ်စခန်း သုံးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့တွေ ဖြစ်တဲ့ တပ်မဟာ ၆ KNU/ KNLA၊ ကော်ဘရာစစ်ကြောင်း ၁၊ ၂၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ Federal Wings နဲ့ ရောင်နီ စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဘက်က ရဲဘော် ၁၁ ဦး ကျဆုံးခဲ့ပြီး ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကာ အဆောက်အဦး ၄၁ လုံး ပျက်စီးခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီ ရုံးကနေ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်လို့မရခဲ့ပါဘူး။
ကရင်ပြည်နယ် စစ်ကောင်စီလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကိုလည်း RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။