၇၃ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား
2018.03.27

ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရာမှာ မဖြစ်နိုင်တာတွေ တောင်းဆိုပြီး အချိန်ဆွဲနေမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်တာတွေ ကို အရှည်မျှော်တွေးညှိနှိုင်းဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက် ပါတယ်။
ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ၇၃ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
"ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးကြတဲ့အခါမှာ မဖြစ်နိုင်တာတွေကို တောင်းဆိုပြီး အချိန်ဆွဲနေမယ့်အစား ဖြစ်သင့် ဖြစ်ထိုက်တာတွေကို အရှည်မျှော်တွေး ညှိနှိုင်းကြတာက ပိုမိုလက်တွေ့ဆန်ကြမှာဖြစ်တယ်။ ဒို့နိုင်ငံမှာ လက်နက် ကိုင် ပဋိပက္ခတွေ ဖြစ်ပွားပြီး တည်ငြိမ်အေးချမ်းမှု မရှိတဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အာဆီယံအသိုက်အဝန်းမှာပင် နောက်ကျကျန်လျက်ရှိတာကို တွေ့ရမှာဖြစ်တယ်။ ဒါ့ကြောင့် ကျန်တဲ့ နိုင်ငံတွေကို အမှီလိုက်နိုင်ဖို့ သူများခြေတစ်လှမ်းလှမ်းရင် ကိုယ်က ခြေလှမ်းများစွာ လှမ်းနိုင်မှဖြစ်မယ်။ ဒီနေရာမှာ လူမျိုး၊ ဘာသာ ခွဲခြားမှုမရှိဘဲ မြန်မာစိတ်မွေးပြီး နိုင်ငံတိုးတက်ရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားသွားကြဖို့လိုတယ်။ အတိတ်ကိုလက်ညှိုးထိုးပြီး အပြစ်ရှာနေတာထက် အတိတ်အပေါ်မှာ သင်ခန်းစာ ဖော်ထုတ်ပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားကြဖို့ အချိန်ရောက်နေပြီဖြစ်ကြောင်း ပြောကြားလိုတယ်"
အဲဒီအခမ်းအနားမှာ စစ်ရေးပြအခမ်းအနားတွေနဲ့ ပါဝင်ခဲ့ပေမဲ့ တင့်ကား၊ သံချပ်ကာယန္တရားနဲ့ လေယာဉ်ပစ် လက်နက် စတဲ့ ယန္တရားတပ်တွေ မပါဝင်ပါဘူး။
ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ၇၃ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့် က မြန်မာ့နိုင်ငံရေးမှာ နိုင်ငံရေးပါတီတွေနဲ့ တပ်မတော်အကြား အမျိုးသားရင်ကြားစေ့ရေးကို အပြည့်အဝ မဖော်ဆောင်နိုင်သေးဘူးလို့ ပြောပါတယ်။
"မြန်မာ့နိုင်ငံရေးမှာ တပ်မတော်နဲ့ နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်မှုမှာ အမျိုးသားရင်ကြားစေ့ရေးကို အပြည့်အ၀ မဖော်ဆောင်နိုင်သေးတာ ကျနော်တို့ တွေ့ရမှာပါ။ တပ်မတော်ရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုးစီးပွား တစ်ထပ်တည်းဖြစ်အောင်လုပ်ဖို့ ကျနော်တို့ လိုပါသေးတယ်လို့ ကျနော်ပြောချင် ပါတယ်"
၇၃ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ အချက် ၇ ချက်ပါတဲ့ ကြေညာချက်ကိုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်သူချစ်တဲ့တပ်မတော်၊ ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်အဖြစ်ပုံဖော်ခဲ့တာဖြစ်ကြောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူလူထုနဲ့ တပ်မတော် လက်တွဲဖို့ လိုအပ်ကြောင်း တိုက်တွန်းထားသလို အမျိုးသားရေးနဲ့ တိုင်းရင်းသားလူမျိုးတွေအတွက် စစ်အင်အားနဲ့ သြဇာသက်ရောက်အောင် ဆောင်ရွက်နေတာတွေကို အဆုံးသတ်ဖို့ လိုအပ်ကြောင်း ကြေညာချက်မှာ ပါဝင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ဟာ ထာဝရငြိမ်းချမ်းရေးရရှိဖို့နဲ့ ပါတီစုံဒီမိုကရေစီစနစ် ပိုမို ခိုင်မာစေဖို့ အတွက် ရိုးသားမှုကို အခြေခံပြီး မျှော်လင့်ချက်၊ ယုံကြည်ချက်အပြည့်နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်က အခမ်းအနားမှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် တပ်မတော်ကို ပြိုကွဲအောင်၊ ဂုဏ်သိက္ခာကျဆင်းအောင် အခြေအမြစ်မရှိတဲ့ ပြောဆိုရေးသားမှုတွေကို အသိတရား၊ သတိတရားတို့နဲ့ တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။
တပ်မတော်ကို နိုင်ငံရေးသိက္ခာကျအောင်၊ ပြည်သူလူထု ယုံကြည်မှုပျက်ပြားအောင်၊ တပ်မတော်သားအချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲအောင် ဆန့်ကျင်ဘက်အဖွဲ့အစည်းအချို့က နည်းလမ်းမျိုးစုံနဲ့ ထိုးနှက်တိုက်ခိုက်နေတယ်လို့ လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ ပါဝင်ပါတယ်။