မြောက်ဦးနဲ့ဘူးသီးတောင်က ဘုရားစေတီတွေမှာ တပ်စွဲထားတာ မရှိကြောင်း တပ်မတော်ငြင်းဆို
2020.06.25
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် သင်းကျစ်တောင်ဘုရားကုန်းနဲ့ ဘူးသီးတောင်မြို့နယ်က (၃၁)ဘုံဘုရားတွေမှာ တပ်မတော်က တပ်မတော်ကတပ်စခန်းချထားတာမရှိဘဲ လုံခြုံရေးအရ တက်ရောက်စစ်ဆေးတာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ် သင်းကျစ်တော်စေတီကုန်းပေါ်မှာ ၂၀၂၀ ခုနှစ် ဇွန်လပိုင်းက တပ်မတော်က တပ်စခန်းချထားတဲ့ ဗီဒီယိုဖိုင်တွေကို ရခိုင့်တပ်တော် AA က ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဇွန်လ ၂၃ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ RFA ကမေးမြန်းရာမှာ တပ်မတော်ဘက် သင်းကျစ်တောင်ပေါ်မှာ တပ်စခန်းစွဲထားတာ မဟုတ်ဘဲ ၂၀၁၉ ခုနှစ်က တောင်အောက်က ဘုန်းကြီးကျောင်းမှာ လက်နက်ခဲယမ်းတွေမိချိန်မှာ တက်ပြီး စစ်ဆေးတာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။
"ပထမဦးဆုံးပြောချင်တာကတော့ တပ်မတော်အနေနဲ့ ဒီဘုရားစေတီတွေပေါ်မှာ နေရာယူထားခြင်းမရှိပါဘူး၊ video file တွေ တက်လာကောင်းတက်လာပါလိမ့်မယ်၊ အဲနေရာတွေမှာ လုံခြုံရေးတွေ တက်ရောက်စစ်ဆေး တာတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ သင်းကျစ်တောင်နဲ့ ပတ်သက်ပြီး ကျွန်နော် ပြောလိုတာကတော့ လွန်ခဲ့ တဲ့နှစ်လောက်က ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ သင်းကျစ်တောင်စေတီအောက်မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ လက်နက်တွေခဲယမ်းတွေ ပြီးရင်ကျွန်နော်တို့ စစ်ဝတ်စုံတွေ စားနပ်ရိက္ခာတွေ ဖမ်းဆီးရမိခဲ့တာရှိပါတယ်၊ တရားဝင်သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်၊ ဒီသတင်းကိုတော့ ကျွန်နော်လည်း ဘယ်နေ့ကဖြစ်ခဲ့တဲ့ အဖြစ် အပျက်ဆိုတာတော့မရှိပါဘူး၊ အဲနေရာမှာ အခြေပြုနေတဲ့အတွက်ကြောင့်မို့လို့ ကျွန်နော်တို့ ဒီနယ်နဲ့ပတ် သက်ပြီး လုံခြုံရေးအရ တက်ရောက်စစ်ဆေးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တပ်စွဲခြင်းမရှိပါဘူး"
သင်းကျစ်တောင်ပေါ်မှာ တပ်စခန်းတွေရှိတာကို သွားရောက်ကြည့်ရှုလို့ မရပေမယ့် တပ်စခန်းရှိတယ်ဆိုတာ ကိုတော့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။
တပ်မတော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောဆိုတဲ့နေရာမှာ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုနေရ တယ်လို့လည်း သူက ပြောပါတယ်။
AA က ဇွန်လ ၂၀ ရက်နေ့မှာ ထပ်ပြီး ထုတ်ပြန်ခဲ့တဲ့ ဘူးသီးတောင် ၃၁ ဘုံဘုရားကုန်းမှာ တပ်မတော်က တပ်စွဲထားတယ်ဆိုတဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို အခုလို ဖြေကြားခဲ့ပါတယ်။
"ဘူးသီးတောင်မှာရှိတဲ့ ၃၁ ဘုံဘုရားက တပ်စခန်းဌာနချုပ်ရဲ့ သိပ်မနီးမဝေးမှာရှိတယ်၊ မြောက်ဘက်မှာ တပ်စခန်းကုန်းရှိပါတယ်၊ အဲဒီ ၃၁ ဘုံဘုရားကုန်းမှာ တပ်စွဲထားတာမရှိပါဘူး၊ ၃၁ ဘုံဘုရားကုန်းရဲ့ အနေ အထားဟာ မြစ်ရဲ့အရှေ့ဘက်ကမ်းမှာရှိတယ်၊ မြစ်ကမ်းဘက်မှာရှိတဲ့ရွာတွေနဲ့ ဟိုဘက်အရှေ့ဘက် တောတောင်တွေရဲ့ ကြားထဲမှာရှိတယ်၊ ဟိုဘက်မှာအမာခံရွာတွေရှိတယ်၊ အဲဒီရွာတွေကို AA အနေနဲ့ သွားတဲ့အခါ ၃၁ ဘုံဘုရားကုန်းက အတားအဆီးတစ်ခုဖြစ်တယ်၊ အဲဒါကြောင့် ၃၁ ဘုံဘုရားကုန်းနဲ့ ပတ်သက်ပြီး တပ်က တပ်စွဲနေတယ်၊ တပ်ကလုပ်နေတယ်ဆိုတာတွေ အော်လာတာကြာပါပြီ"
၃၁ ဘုံဘုရားကုန်းမှာ တပ်စွဲထားတာ ရှိ မရှိ အတိအကျမသိပေမယ့် ဘုရားကုန်းအနီး ရွာမှာတော့ တပ်မတော် ရှိတယ်ဆိုတာ ရွာသားတွေကပြောကြတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။
ရခိုင့်တပ်တော် AA ကတော့ မြန်မာ့တပ်မတော်ဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ စာသင်ကျောင်း၊ စေတီပုထိုးနဲ့ သာသနာ့နယ်မြေတွေကို တပ်စခန်းအဖြစ်သုံးနေတယ်လို့ စွပ်စွဲထားပါတယ်။
တိုက်ပွဲအတွင်း သာသနာ့နယ်မြေတွေကို နှစ်ဘက်တပ်တွေ အမှန်တကယ်အသုံးပြုတာ ရှိ မရှိကိုတော့ RFA အနေနဲ့ စုံစမ်းသိရှိရတာမရှိသေးပါဘူး။
တပ်မတော်နဲ့ AA တိုက်ပွဲတွေအကြား တဖက်နဲ့တဖက် စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေဟာ သတင်းမီဒီယာကို ပြောဆိုဖို့အတွက် အခက်အခဲတွေရှိတယ်လို့ ကိုယ်စား လှယ်တွေက ပြောကြပါတယ်။
နှစ်ဖက်တပ်တွေကတော့ အခုလိုတပ်စွဲတာတွေနဲ့ အရပ်သားပြည်သူ သေဆုံးမှုတွေမှာ နှစ်ဖက် အပြန်အလှန် စွပ်စွဲပြစ်တင်နေကြပါတယ်။