ကပ်ဘေးမှာ တပ်နဲ့ လက်နက်ကိုင်အဖွဲ့တချို့ ဆက်ဆံရေးကောင်းလာ
2020.05.23
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အကြောင်းပြုပြီး ဆက်ဆံရေးကောင်းမွန်နေတာ တွေ့လာရပါတယ်။
ထာဝရငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ယုံကြည်မှု တည်ဆောက်ရေးတို့အတွက် မျှော်မှန်းထားတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။
တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပစ္စည်းတွေ ဒီရက်ပိုင်းအတွင်း ခပ်စိပ်စိပ် လှူဒါန်းနေတာပါ။
မေလ ၁၉ ရက်နေ့က ဝ ဒေသကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး အထောက်အကူ ပစ္စည်းတွေကို တပ်မတော်က သွားရောက်လှူဒါန်းခဲ့ရာမှာ ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီ UWSP ဥက္ကဋ္ဌ ဦးပေါက်ယိုချန်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝ ဒေသကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ဒီဖိတ်ခေါ်မှုဟာ အဖက်ဖက်က ရင်းနှီးမှု၊ ယုံကြည်မှုတွေ ပိုမိုတိုးတက်ဖို့အတွက် ဖြစ်တယ်လို့ UWSP ရဲ့ လက်နက်ကိုင်အဖွဲ့ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ပြောပါတယ်။
“ဖိတ်ခေါ်တာကတော့ အရင်ကတည်းကလည်း ဖိတ်ခေါ်ပါတယ်။ လူကြီးတွေကတော့ အရင်ကတည်းက ခင်မင်မှု ရှိပြီးသားပါ။ အဖက်ဖက်က ယုံကြည်မှု ပိုမိုတိုးတက်ဖို့အတွက် ဖိတ်ခေါ်မှုတွေပါပဲ။ ပြီးရင် ကျွန်တော်တို့ ဝ ပြည်နယ်မှာ လာရောက်ပြီး လေ့လာမှုတွေပြုဖို့၊ နောက်ပြီး လာပြီး ညွှန်ကြားမှုတွေ ပြုလုပ်ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့”
တပ်ချုပ်က သင့်တော်ကောင်းမွန်တဲ့ အချိန်မှာ ဝ ဒေသကို သွားဖြစ်လိမ့်မယ်ဆိုတဲ့ သဘောထားရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မေလ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြေကြားခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဧပြီလက ပန်ဆန်းမြို့မှာ ပြုလုပ်တဲ့ ဝ ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ဖိတ်ကြားခဲ့တာတွေ ရှိပါတယ်။
တိုင်းရင်းသားအရေးနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ဝ အဖွဲ့ဟာ နေပြည်တော်က ထိပ်တန်းခေါင်းဆောင်တွေကို တင်ပြလိုတာတွေ ရှိတာကြောင့် ဖိတ်ခေါ်နေတာ ဖြစ်နိုင်လို့ သုံးသပ်ပါတယ်။
“ဝ တပ်ဖွဲ့ရဲ့ လောလောဆယ်အနေအထားဟာ အခြေခံဥပဒေအရ တရားဝင် မဟုတ်ဘူးပေါ့။ တရားဝင် အနေအထားတစ်ခုရောက်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားပြီး ကြိုးစားနေတာလို့ မြင်ပါတယ်။ နောက်ပြီး ဝ ဒေသအနေနဲ့ ပြည်နယ်အဆင့်ကို လိုလားပုံရပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော် ခေါင်းဆောင်တွေကို တင်ပြချင်တာ၊ ပြောပြချင်တာရှိလိမ့်မယ်။ လက်ရှိ ဝ ဒေသရဲ့ နိုင်ငံရေး အခြေအနေကို လက်တွေ့ပြသချင်တာလည်း ဖြစ်ပါလိမ့်မယ်”
ဝ တပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း ၂၀၀၉ ခုနှစ်အထိ တပ်မတော် အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံခဲ့နောက်ပိုင်း တင်းမာမှုတွေ ရှိခဲ့ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်ခြင်း မရှိသေးတဲ့ ဝ အဖွဲ့ ထိန်းချုပ်တဲ့ဒေသမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ရွေးကောက်ပွဲကော်မရှင်က သွားရောက်ဆွေးနွေးခဲ့သလို တပ်မတော်ကလည်း ကပ်ရောဂါ ထိန်းချုပ်ဟန့်တားရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဆေးတပ်ဖွဲ့ စေလွှတ်ခဲ့ပါတယ်။
တပ်မတော်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ မိုင်ဆာပါကို မေလ ၂၀ ရက်နေ့က သွားရောက်ပြီး ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး အထောက်အကူပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။
ကပ်ဘေးအန္တရာယ်ကို ပူးတွဲရင်ဆိုင်ကြသလို တခြားပြဿနာတွေကိုလည်း ညှိနှိုင်းဖြေရှင်းသင့်တယ်လို့ KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
“ဒီ Covid-19 ရောဂါ တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းက အားလုံးပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းကနေတဆင့် ငြိမ်းချမ်းရေးရရှိဖို့ တပ်မတော်က ပစ်ခတ်ရပ်ဆိုင်းရေးကို အခြေခံပြီးမှ နိုင်ငံရေးဆွေးနွေးမှုဘက်ကို ဦးတည်သွားနိုင်ရင် ကျွန်တော်တို့အတွက် အကျိုးရှိမယ်လို့ သဘောထားရှိပါတယ်”
KIA ကလည်း အပစ်ရပ်စာချုပ်မှာ ပါဝင်လက်မှတ်ထိုးခြင်း မရှိသေးပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ မကြာခင်ရက်ပိုင်းကပဲ သဘောတူခဲ့တဲ့အထိ နှစ်ဖက်ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်လာနေပါတယ်။
မြန်မာပြည်တောင်ပိုင်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ရဲ့ ကျန်းမာရေး စစ်ဆေးမှု လုပ်ငန်းတချို့ကို တပ်က ဟန့်တားခဲ့တဲ့အတွက် တင်းတင်းမာမာဖြစ်ခဲ့ပါတယ်။
မေလ ၂၂ ရက်နေ့မှာတော့ တပ်မတော်က KNU ကရင်အမျိုးသား အစည်းအရုံးကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး အထောက်အကူပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလုပ်ကိုင်ရာမှာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO ၁၀ ဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မေလ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“EAO အဖွဲ့တစ်ဖွဲ့မှာ Covid 19 ဖြစ်နေပြီဆိုရင်လည်း စွမ်းအား ယုတ်လျော့စေပါတယ်။ စွမ်းအား ယုတ်လျော့တယ်ဆိုတာ ဆိုလိုတာက နိုင်ငံစွမ်းအားပါပဲ။ သူတို့သည်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့က ဆောင်ရွက်နေခြင်းဖြစ်တယ်။ ဒီကနေတဆင့် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ဟာသည် ထာဝရငြိမ်းချမ်းရေးအတွက် မျှော်မှန်းတယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက်လည်း မျှော်မှန်းတယ်၊ ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်အတွက်လည်း မျှော်မှန်းတယ်လို့ ကျွန်တော် ပြောလိုပါတယ်”
တပ်မတော်အနေနဲ့ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့အဖွဲ့အစည်းတွေရှိရာ နယ်မြေမှအပ ကျန်တဲ့နေရာတွေမှာ မေလ (၁၀) ရက်ကစလို့ သြဂုတ်လကုန်အထိ အပစ်ရပ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒါကြောင့် ဒီနှစ်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကတော့ တပ်မတော်ရဲ့ အပစ်ရပ် ကြေညာချက်ထဲမှာ မပါဝင်ပါဘူး။
လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တက်ရောက်မယ့် ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို မေလဆန်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ကပ်ရောဂါကြောင့် မကျင်းပဖြစ်ခဲ့ပါဘူး။
နှေးကွေးတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ ကပ်ရောဂါကြောင့် တုံ့ဆိုင်းလာနေတာကြောင့် ဒီရောဂါ ပြန့်ပွားမှု အရှိန်မသေအချင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အရှိန်ပြန်မြှင့်တင်ဖို့ အလှမ်းဝေးနေမှာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။