မူဆယ်မြို့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို တပ်မတော် ကန့်သတ်


2020.02.28

ဖေဖော်ဝါရီ ၂၆ ရက်နေ့က မူဆယ်မြို့ ရွှေလီရတနာခန်းမမှာ အဖွဲ့တွေကို ခေါ်ပြီး တပ်က ညွှန်ကြားလိုက်တာလို့ အမည်မဖော်လိုတဲ့ ပြည်သူ့စစ် တစ်ဦးက ပြောပါတယ်။

မူဆယ် ဌာနေပြည်သူ့စစ်တွေကတော့ လက်နက်ကိုင်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

မူဆယ်မှာ ရုံးဖွင့်ထားတဲ့ ဒေသအတွင်း အင်အားကြီးအဖွဲ့တစ်ခုဖြစ်တဲ့ ကွတ်ခိုင်အခြေစိုက် ကောင်းခါး ပြည်သူ့စစ်အဖွဲ့  အတွင်းရေးမှူး ဗိုလ်မှူး ဇော်လုံကလည်း တပ်က ဒီလို ညွှန်ကြားကြောင်း အတည်ပြုပါတယ်။

တပ်ဘက်က အခုလို လုပ်ဆောင်လာတာဟာ နယ်စပ်မှာ ပြဿနာတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်တာကြောင့် ဖြစ်နိုင်ကြောင်း ပြောပါတယ်။

ရှမ်းမြောက် ကချင်အထူးဒေသ (၅) KDA အသွင်ပြောင်း ကောင်းခါးပြည်သူ့စစ်အဖွဲ့ ဟာ လားရှိုး၊ သိန်နီ၊ ကွမ်လုံ၊ မူဆယ်၊ ကွတ်ခိုင် ငါးမြို့နယ်မှာ လှုပ်ရှားပြီး မူဆယ်မြို့ပေါ်မှာ ဆက်ဆံရေးရုံး ရှိသလို စီးပွားရေးလည်း လုပ်ကိုင်နေပါတယ်။

မူဆယ်အစည်းဝေးမှာ ခလရ ၂၉၁ က တပ်ရင်းမှူးက ကကကြီးကနေ ညွှန်ကြားတယ်ဆိုတဲ့ စာကိုဖတ်ပြခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ အမည်မဖော်လိုတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

လက်နက်ကိုင်ဆောင်ပြီးသွားလာတာ ဒေသခံတွေနဲ့ ပြဿနာဖြစ်လို့ တိုင်ကြား တာမျိုးဆိုရင် ထိရောက်တဲ့ အရေးယူတာတွေ လုပ်မယ်လို့လည်း ပြောဆိုသွားတယ်လို့ သူကဆက်ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့တချို့ရဲ့ပြောကြားချက်အရ ဆိုရင် တရုတ်မြန်မာနယ်စပ်မြို့ မူဆယ်မှာ လှုပ်ရှားနေတဲ့ အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိနေတာပါ။

ပြည်သူ့စစ် စစ်အချင်းချင်း ပစ်ခတ်တာ၊ လောင်းကစားဝိုင်းတွေမှာ ပစ်ခတ်မှုတွေဖြစ်တာ၊ ဒေသခံတွေနဲ့ မကြာခဏ ပြဿနာတွေဖြစ်နေပါတယ်။

ကိုယ်ထိန်းချုပ်ရတဲ့ ဒေသမှာသာ နယ်မြေလုံခြုံရေးအတွက် လက်နက်ကိုင်ဆောင်ဖို့ ညွှန်ကြားခဲ့တယ်လို့ အမည် မဖော်လိုတဲ့ ပြည်သူ့စစ်အဖွဲ့ တာဝန်ခံ တစ်ဦးက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဆယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်ကျော်သိန်းကတော့ ဒီလိုညွှန်ကြားမှုမျိုး ရှိတယ်ဆိုရင်  ကြိုဆိုရမယ်လို့ မှတ်ချက်ပေးပါတယ်။ တရားဥပဒေ စိုးမိုးမှုလည်း ပိုမို အားကောင်းလာနိုင်မယ်လို့ သူက ယူဆပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်အဖွဲ့ပေါင်း ခြောက်ထောင်ကျော်ရှိတယ်လို့ လေ့လာသူတွေကို ကိုးကားပြီး ပြည်သူ့လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ မိကွန်ချမ်းက ပြောပါတယ်။

ဒီအကြောင်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး  ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြည်သူ့စစ်အဖွဲ့တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံရဲ့ ကာကွယ်ရေး မူဝါဒအရ ဆက်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေဟာ လက်နက်ရှိပေမယ့် အရပ်သားတွေပဲဖြစ်တဲ့အတွက် သူတို့ အမှုဖြစ်လာရင် အရပ်ဘက်၊ နယ်ဘက် ဥပဒေအရသာ အရေးယူတယ်၊ တိုင်းစစ်ဌာနချုပ်တွေက နယ်မြေအလိုက်ထားရှိတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ကြီးကြပ်တယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးက ကွပ်ကဲတယ်လို့ ပြောပါတယ်။

အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်က ဒေသတွင်း လုံခြုံရေးဆောင်ရွက်ရတဲ့ ပြည်သူ့စစ်တွေက လိုအပ်ရင် တပ်မတော်ကို လမ်းပြအဖြစ် အထောက်အကူပေးနေတယ်လို့ RFA ကို ပြောခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။