တပ်မတော်ရဲ့ တရားစွဲမှု ၄၅ လမှာ ၄၇ မှုရှိ
2020.01.07
လက်ရှိ NLD အစိုးရသက်တမ်း ၄၅ လထဲမှာ တပ်မတော်အနေနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တဲ့ တရားစွဲဆိုတာ အနည်းဆုံး ၄၇ မှုရှိခဲ့တယ်လို့ ရန်ကုန်မြို့အခြေစိုက် “အသံ” အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ထောက်ပြပြောဆိုတဲ့သူတွေ၊ တပ်မတော်ကို ဝေဖန်တဲ့သူတွေ၊ ရခိုင်ပြည်နယ်က စစ်ပွဲသတင်းတွေ တင်ပြတဲ့သူတွေ အပါအဝင် လူပေါင်း ၉၆ ယောက်ကို တပ်မတော်က တရားစွဲခဲ့တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ အသံအဖွဲ့က သုတေသနမှူး ကိုရဲဝေဖြိုးအောင်က RFA ကိုပြောပါတယ်။
“ အများဆုံးကတော့ တက်ကြွလှုပ်ရှားသူတွေ တရားစွဲခံရတာများတယ်ပေါ့နော်။ စစ်တပ်ကနေ တရားစွဲတဲ့ အခါမှာ အထူးသဖြင့်တော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပေါ့။ ကျနော်တို့ကြည့်တဲ့အခါမှာ သူက တပ်မတော်ရဲ့ နိုင်ငံရေးအကျပ်အတည်း ဖြတ်သန်းနေရတဲ့ကာလမှာ ဝေဖန်ပြောဆိုမှုတွေကို မခံနိုင်ဘဲနဲ့ ဝေဖန်တဲ့သူမှန်သမျှကို ပြန်တရားစွဲတဲ့ပုံစံတွေ့ရတာပေါ့။ အထူးသဖြင့်ဆို ၂ဝ၁၉ ထဲမှာ ICJ လို ပြဿနာမျိုးတွေ၊ ပြီးတဲ့အခါမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးလို ကိစ္စတွေမှာ အသံကျယ်ကျယ်လောင်လောင် ဖြစ်လာတဲ့ကိစ္စမျိုးတွေက သူတို့လုံးဝအထိမခံတဲ့ကိစ္စတွေဖြစ်နေတယ်ပေါ့။ သတင်းမီဒီယာသမားတွေကတော့ ဒီ ၂ဝ၁၉ ထဲမှာက အများဆုံး စွဲတာမဟုတ်ဘဲနဲ့ အစဉ်အဆက်ပေါ့နော်။ ၂ဝ၁၆ ကနေ ၂ဝ၁၉ အထိ တစိမ့်စိမ့်စွဲခဲ့တာ တွေ့ရတယ်ပေါ့။ ၂ဝ၁၉ ထဲမှာတော့ ရခိုင်ကိစ္စနဲ့ပတ်သက်လို့ပေါ့။ ရခိုင်ကိစ္စနဲ့ပတ်သက်လို့ရှိရင် သူတို့တွေကလုံးဝမခံမရပ်နိုင်တာ တွေ့ရ တယ်။ ဘယ်လိုတွေ့ရလဲဆိုရင် တကယ့် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့အခြေအနေမှန်တွေကို လွတ်လပ်တဲ့သတင်း မီဒီယာတွေက ဖော်ပြတာတွေကို မသိစေချင်ဘူး။ အဲဒီအခါမှာ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းတွေဖော် ပြတဲ့ မီဒီယာတွေကို တရားစွဲတာတွေ့ရတယ်။ ဧရာဝတီ၊ RFA ၊ ပြီးတော့ ရခိုင်အခြေစိုက် DMG ပေါ့နော်။ တရားစွဲဆိုမှုတွေ လုပ်ခဲ့တာတွေ့ရတယ်။ ပြီးတဲ့အခါမှာ တရားစွဲတာတင်မဟုတ်ဘဲနဲ့ပေါ့နော်။ နှုတ်အားဖြင့် အမူအရာအားဖြင့် ခြိမ်းခြောက်မှုတွေ လုပ်တာကိုလည်း ၂ဝ၁၉ ထဲမှာ အများဆုံးတွေ့ရတယ် ”
တရားစွဲခဲ့တဲ့ ပုဒ်မတွေကတော့၊ ဆက်သွယ်ရေးဥပဒေနဲ့ ၁၈ မှု၊ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ (က) နဲ့ ၁၁ မှု၊ ၅ဝ၅ (ခ) နဲ့ ၇ မှု၊ ပုဒ်မ ၅ဝဝ နဲ့ ၄ မှု၊ နိုင်လွတ်လုံဥပဒေနဲ့ ၂ မှု၊ မတရားသင်းဆက်သွယ်မှုနဲ့ ၂ မှု၊ သတင်း မီဒီယာဥပဒေနဲ့ ၂ မှု၊ ပုဒ်မ ၂ဝဝ နဲ့ ၁ မှုတို့ဖြစ်ပြီး၊ အဲဒီအမှုတွေကို ဒုဗိုလ်မှူးကြီးအဆင့်ရှိတဲ့ အရာရှိတွေ တရားလိုလုပ်ပြီး တိုက်ရိုက် စွဲတဲ့အမှုက ၆၅ ရာခိုင်နှုန်းရှိပြီး၊ ကြားလူက တရားစွဲတာ ၇ မှု၊ အဲဒီထဲမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ၁၂ ကြိမ် တရားစွဲခဲ့တယ်လို့ အသံအဖွဲ့က ထောက်ပြပါတယ်။
တရားစွဲခံရတဲ့ ၉၆ ယောက်ကတော့ တက်ကြွလှုပ်ရှားသူ ၅၁ ယောက်၊ သတင်းသမား ၁၄ ယောက်၊ အရပ်သား ၁၉ ယောက်၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် ၅ ယောက်၊ အနုပညာသမား ၄ ယောက်နဲ့ နိုင်ငံရေးပါတီဝင် ၃ ယောက်လို့ဆိုပါတယ်။
ဒီအမှုတွေထဲမှာ အမိန့်ချပြီးတာ ၁၈ မှု၊ တရားရုံးက ပလပ်လိုက်တာ ၃ မှု၊ တရားလိုက အမှုရုပ်သိမ်းလိုက်တာ ၇ မှု၊ တရားရင်ဆိုင်နေရတာက ၁၃ မှုနဲ့ ရပ်တန့်နေတဲ့အမှုက ၆ မှုရှိတယ်လို့ ဆိုပါတယ်။
နှစ်အလိုက် တရားစွဲခံရမှုအနည်းအများအရဆိုရင် ၂ဝ၁၆ ခုနှစ်မှာ ၉ ရာခိုင်နှုန်းရှိခဲ့ရာကနေ ၂ဝ၁၉ ခုနှစ်မှာ ၅၉ ရာခိုင်နှုန်းထိ ရောက်သွားတယ်လို့ဖော်ပြထားပါတယ်။
အခုလို အသံအဖွဲ့က ထောက်ပြတာနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်ဂုဏ်သိက္ခာကျစေတဲ့ ပြောဆိုရေးသားမှုတွေကိုပဲ တရားစွဲတာလို့ တုံ့ပြန်ပါတယ်။
“ ကျနော်တို့ကတော့ မဟုတ်မမှန်ရေးသားမှုတို့၊ တဦးချင်းအရ မဟုတ်မမှန်ပြောကြားမှုတွေကိုတော့ ကျနော်တို့ တပ်မတော်သည်လည်း အင်စတီကျူးရှင်းတခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကတော့ မလွဲမသွေတရားစွဲရ ပါလိမ့်မယ်။ မဟုတ်တာကို ကျနော်တို့က ဌာနတိုင်း မီဒီယာတိုင်းကို တရားစွဲနေတာမဟုတ်ပါဘူး။ ကောင်းတာ ပြောတာ၊ မကောင်းတာပြောတာကို မူတည်ပြီး တရားစွဲတာမဟုတ်ပါဘူး။ မမှန်သတင်းကို၊ မမှန်တဲ့ကိစ္စကို ရည်ရွယ်ချက်ရှိရှိနဲ့ တပ်မတော်ဂုဏ်သိက္ခာထိပါးပြီး ဆောင်ရွက်တာမျိုးပဲ ကျနော်တို့တရားစွဲပါတယ် ”
ဒါ့အပြင် အစိုးရနဲ့လွှတ်တော်ကိုယ်စားလှယ်တွေကလဲ အလားတူတရားစွဲတာတွေရှိပြီး တပ်မတော်က စွဲတဲ့အမှုအရေအတွက်ထက် ပိုများတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထောက်ပြပါတယ်။
ဒါနဲ့ပတ်သက်လို့ အသံအဖွဲ့ကလည်း၊ အစိုးရနဲ့လွှတ်တော်ကိုယ်စားလှယ်တွေက လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်ကို ထိခိုက်တဲ့တရားစွဲတဲ့အမှုတွေရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ဝေဖန်လို့တရားစွဲခံရတဲ့အမှုပေါင်း ၄၅ လအတွင်းမှာ အနည်းဆုံး ၂၂ မှု ရှိတဲ့အကြောင်း သူတို့အဖွဲ့က ဒီဇင်ဘာလ ၂၃ ရက်နေ့က ပဏာမထုတ်ပြန် ထားတယ်လို့ပြောပါတယ်။
အခုလိုထုတ်ပြန်နိုင်ဖို့အတွက် အသံအဖွဲ့က သတင်းမီဒီယာတွေမှာ ဖော်ပြခံရတဲ့ဖြစ်ရပ်တွေကို စုဆောင်းခဲ့သလို၊ တရားစွဲခံရတဲ့သူတွေနဲ့ ဆက်သွယ်ပြီး မှတ်တမ်းယူခဲ့တာလဲရှိတယ်လို့ အသံအဖွဲ့က သုတေသီ ကိုရဲဝေဖြိုးအောင် က ပြောပါတယ်။
အစိုးရနဲ့လွှတ်တော်ကိုယ်စားလှယ်တွေက တရားစွဲတဲ့အမှုတွေအပါအဝင် တပ်မတော်ကတရားစွဲတဲ့ အမှုတွေကို ပါစုစည်းပြီး ၂ဝ၁၉ နှစ်ချုပ်အနေနဲ့ အသံအဖွဲ့က မကြာခင်ကာလမှာ ထုတ်ပြန်သွားမယ်လို့လဲ သိရပါတယ်။