ဖမ်းဆီးခံ လက္ကာရွာသား ၂၄ ဦးကို ရဲတပ်ဖွဲ့ထံ လွဲှပြောင်း
2019.05.02
ဧပြီ ၁၀ ရက်နေ့က တပ်မတော်က ဖမ်းဆီးသွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာက ရွာသား ၂၇ ဦးထဲက ၂၄ ဦးကို ဒီနေ့ တပ်မတော်က ရဲတပ်ဖွဲ့ထံ လွှဲပြောင်းလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ရခိုင့်တပ်မတော် AA နဲ့ ပတ်သက်တယ်ဆိုပြီး အစိုးရတပ်မတော်က ဖမ်းဆီးသွားသူ ၂၇ ဦးရှိပြီး အဲဒီထဲက ၃ ဦးဟာ တပ်မတော်က ဖမ်းဆီးထားစဉ်မှာပဲ သေဆုံးခဲ့ပြီး ကျန် ၂၄ ဦးကို ဒီနေ့ စစ်တွေမြို့က အမှတ်(၁) ရဲစခန်းကို လွှဲပြောင်းပေးလိုက်တယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။
တပ်မတော်က ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးတာ မှန်ကန်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက RFA ကို အတည်ပြုပြောပါတယ်။
“မှန်ပါတယ်ခင်ဗျ။ သိချင် ကျနော့်ဆီလာခဲ့လိုက်ပါခင်ဗျာ။ ကျနော်သေချာရှင်းပြပါမယ်။ ကျနော်က ဖုန်းနဲ့တော့ မရှင်းပြဘူး။ ကျနော့်ဆီလာရင်တော့ ကျနော်ရှင်းပြပါတယ်။ လွဲမှာစိုးလို့ပါ။”
ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုတွေအပါအဝင် လက္ကာကျေးရွာသူ၊ ကျေးရွာသားတွေကို စောင့်ရှောက်ထားတဲ့ မြောက်ဦးမြို့နယ်၊ ပြီပင်ရင်းရွာက ကျောင်းတိုင်ဆရာတော် ဦးအဂ္ဂဝံသက ဖမ်းဆီးခံရသူတွေရဲ့ သတင်းကြား သိထားရတဲ့ အခြေအနေကို အခုလိုပြောပါတယ်။
“အမှတ် ၁ ရဲစခန်းရောက်နေတယ်။ ရောက်တဲ့လူက ၂၄ ယောက်၊ အခုတရားစွဲတဲ့ ပုဒ်မတွေတော့ မတပ်သေးဘူး။ မိသားစုတွေနဲ့ တွေ့ခွင့်မရဘူး။ စနေ့နေ့ကျော်မှ တွေ့ခွင့်ရမယ်ထင်တယ်။ ဘုန်းကြီးတို့မှာ ကိုယ့်အသိတွေကနေတဆင့်တဆင့် လှမ်းမေးကြည့်လို့ အကူအညီတောင်းလို့သိတာ။”
မိသားစုဝင်တွေက ဖမ်းဆီးခံထားရသူ ၂၄ ဦးလုံး စစ်တွေမြို့က အမှတ်(၁)ရဲစခန်းကို ရောက်နေပြီလို့ ပြောကြပေမယ့် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဘက်ကတော့ ဘယ်နှစ်ဦးကို ရဲလက်ကို အပ်လိုက်တယ်ဆိုတာ အတိအကျ မပြောပါဘူး။
ဒီ ၂၄ ဦးကို တပ်မတော်က ဘယ်လိုပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာကို မသိရသေးပါဘူး။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကို RFA က မေးမြန်းရာမှာ
“ဟုတ်ကဲ့ ဒီနေ့လွှဲမယ်လို့တော့သိတယ်ဗျ။ အတိအကျတော့ ကျနော်မသိသေးလို့ပါခင်ဗျ။ ကျနော် ဂဃဏန လွှဲမယ်ဆိုတာပဲသိတယ်။ ဆက်စပ်တဲ့လူတွေ၊ မဆက်စပ်တဲ့လူတွေကို အကုန်လွှဲပေးမှာလား။ ဒါမှမဟုတ် အဲ ၂၄ ယောက်လုံးက မဆက်စပ်ဘူးလား။ အဲဟာကျနော်မသိဘူး။ ဘယ်လောက်လွှဲမယ်ဆိုတာ ကျနော်မသိဘူး။”
မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အခုလိုပြောပါတယ်။
“တချို့ကို ရဲလက်အပ်လိုက်ပြီ။ ၂၇ ယောက်ထဲက ၃ ယောက်ကတော့ သေပြီ။ ကျန်တဲ့ ၂၄ ယောက်ထဲက တချို့တော့ စစ်တွေအမှတ် ၁ ရဲစခန်းရောက်နေပြီ။ ဘယ်နှစ်ဦးရောက်တယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ ကျနော်တို့လည်း အလုပ်များနေတယ်။”
ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေဟာ လက်ရှိမှာ လက္ကာကျေးရွာတွင်းတပ်မ ၂၂ နဲ့ ၅၅ တို့ တပ်စွဲထားတာကြောင့် သူတို့ရဲ့နေအိမ်တွေမှာ မနေထိုင်ရဲတော့ဘဲ မြောက်ဦးမြို့နယ်ထဲက ပြီပင်ရင်းရွာက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြရတယ်လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေကို မိသားစုဝင်တွေအနေနဲ့ လာရောက် တွေ့ဆုံနိုင်ကြောင်း ရဲတပ်ဖွဲ့က အကြောင်းကြားတာကို စောင့်ဆိုင်းနေတယ်လို့ ဖမ်းဆီးခံထားရသူတစ်ဦးရဲ့ ဇနီးဖြစ်သူ ဒေါ်ခိုင်စိန်လှ က ပြောပါတယ်။
“မသွားတွေ့ဖြစ်ဘူး။ သူတို့မခေါ်ဘူး။ သူတို့ခေါ်မှသွားတွေ့ရမှာ။ ကျမ ယောင်္ကျားဖမ်းသွားတာ။ ကျမယောင်္ကျားက ကျန်းမာရေးက မကောင်းဘူး။ အသက် ၄၀ ရှိပြီ။ စိုးရိမ်ချက်တော့ရှိတယ်။ ကျမ အမျိုးသားနဲ့ ရွာသားတွေက AA နဲ့ ဆက်စပ်မှုမရှိဘူး။ ခေါ်တဲ့အချိန်မှာ သွားတွေ့ဖို့ ဆန္ဒရှိနေတယ်။”
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ဒါ့အပြင် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီးလင်းထွဋ်ကို ဆက်သွယ်ခဲ့ပေမယ့်လည်း မသိသေးကြောင်း ဖြေကြားခဲ့ပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲက သေဆုံးသွားသူ ၃ ဦးထဲမှာ တစ်ဦးက နှလုံးအမောဖောက် သေးဆုံးခဲ့သလို တစ်ဦးက ကြိုးဆွဲချသေဆုံးခဲ့ကြောင်းနဲ့ ကျန်တစ်ဦးက မူးယစ်ဆေးမသုံးရလို့ သေဆုံးသွားတာဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က RFA ရဲ့ ဆက်သွယ်မေးမြန်းမှုတစ်ခုမှာ ပြောထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။