AA အဖွဲ့ဝင်တွေဆိုပြီး မတရားစွပ်စွဲ ဖမ်းဆီးခံရကြောင်း လက္ကာရွာသားပြော


2019.06.20
letkar-villagers-622.jpg လက္ကာရွာသားတွေကို စစ်တွေခရိုင်တရားရုံးမှာ ၂၀၁၉ ဇွန် ၂၀ ရက်နေ့က ရုံးထုတ်စဉ်
Photo: Min Thein Aung/RFA

အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ်တစ်သက်ထိချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲဆိုခံထားရတဲ့ မြောက်ဦးမြို့နယ် လက္ကာကျေးရွာက လူ ၂၃ ဦးကို စစ်တွေခရိုင်တရားရုံးမှာ ဒီနေ့ရုံးထုတ်ခဲ့တာပါ။

သူတို့ဟာ ရက္ခိုင့်တပ်တော် AA အဖွဲ့ဝင်တွေလို့ တပ်မတော်က စွပ်စွဲထားတာဖြစ်ပြီး မိသားစုတွေနဲ့ ကာယကံရှင်တွေဘက်ကတော့ သူတို့ဟာ AA အဖွဲ့နဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုနေကြပါတယ်။

ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ လက္ကာကျေးရွာသား ဦးညွှန့်မောင်က သူတို့ဟာ AA အဖွဲ့ဝင်တွေလို့ မတရား စွပ်စွဲခံနေရတာဖြစ်တဲ့အတွက် ဝိုင်းဝန်းကူညီပေးကြဖို့ ဒီနေ့ရုံးထုတ်စဉ်မှာ သတင်းထောက်တွေကိုပြောပါတယ်။

ဖမ်းဆီးထားသူတွေကို AA အဖွဲ့ဝင်တွေလို့ တပ်မတော်က ဝန်ခံခိုင်းခဲ့တယ်ဆိုတဲ့အချက်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စွပ်စွဲခံရသူတွေဘက်က တရားရုံးပြင်ပမှာ လွတ်လပ်စွာပြောဆိုခွင့်ရှိပြီး တရားရုံးမှာစစ်ဆေးပြီးတဲ့အခါမှ အမှုမှန်ပေါ်ပေါက်လာမှာဖြစ်တယ်လို့ RFA ကို ဇွန်လ ၁၈ ရက်နေ့က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က လက္ကာကျေးရွာအနီးမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲနဲ့ ဆက်နွယ်ပြီး ရွာမှာရှိနေတဲ့ လူ ၂၇ ဦးဟာ ကနဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

တပ်မတော်က စစ်တွေတပ်နယ်ထဲမှာ စစ်ကြောရေးလုပ်နေစဉ် အဲဒီအထဲက လူ သုံးဦး သေဆုံးခဲ့ပါတယ်။

သူတို့ဟာ ညှဉ်းပန်းနှိပ်စက်ခံရလို့ သေဆုံးတာလို့ မိသားစုဝင်တွေက ပြောဆိုထားပေမယ့် တပ်မတော်ဘက်ကတော့ ဒီအချက်ကို ငြင်းဆိုထားပါတယ်။

လက္ကာရွာသားတွေကို လာမယ့် ဇူလိုင်လ ၄ ရက်နေ့ကို တရားရုံးက ထပ်မံချိန်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။