မဏိပူနယ်စပ်တစ်လျှောက် အာသံရိုင်ဖယ်တပ် အထူးစောင့်ကြပ်
2013.08.31
မဏိပူနယ်စပ်တစ်လျှောက် မြန်မာတပ်ဖွဲ့ဝင်တွေ ဝင်လာတယ်ဆိုတဲ့ သတင်းကြောင့် အိန္ဒိယ-မြန်မာနယ်စပ်မှာ အာသံရိုင်ဖယ်တပ်က အထူးစောင့်ကြပ်ကင်းလှည့်နေတယ်လို့ နယူးဒေလီအခြေစိုက် ANI သတင်းဌာနက မနေ့က ဖော်ပြပါတယ်။
မိုရေးမြို့ အခြေအနေလေ့လာဖို့ မဏိပူပြည်နယ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ အဆင့်မြင့်ကော်မတီတရပ်ဟာ အိန္ဒိယ-မြန်မာနယ်စပ်ကို မကြာခင်က သွားရောက်ခဲ့ပါတယ်။ အိန္ဒိယဟာ မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးမြဲရှိနေတာမို့ ပြဿနာကို ချောချောမွေ့မွေ့ဖြေရှင်းနိုင်ခဲ့တယ်လို့ ကော်မတီက ပြောပါတယ်။
စခန်းတစ်ခုတည်ဆောက်ဖို့ မြန်မာအာဏာပိုင်တွေက တောတချို့ရှင်းတာကို အိန္ဒိယက ကန့်ကွက်တဲ့အတွက် ရပ်ဆိုင်းသွားပြီလို့ဆိုပါတယ်။ လက်ရှိအခြေအနေတွေကို သိရအောင် Haolenphai ရွာအထိသွားခဲ့တယ်လို့ မဏိပူပြည်နယ် ပြည်ထဲရေးအတွင်းဝန်ကပြောပါတယ်။
ရွာထဲကို မြန်မာဘက်ကဝင်လာတာကို စိုးရိမ်ရပြီး မကြာခင် မြန်မာတွေလက်ထဲ ဒေသကျရောက်သွားမှာ စိုးရိမ်ရတဲ့အကြောင်း ရွာအကြီးအကဲက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်နဲ့ အိန္ဒိယအစိုးရကို တင်ပြထားတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်က စခန်းဆောက်ဖို့ကြိုးစားတဲ့နေရာဟာ နယ်စပ်က ၁၀ မီတာအတွင်း ကျရောက်တဲ့အတွက် ဆောက်လုပ်ရေးဇုန်မဟုတ်ဘူးလို့ ပြောပါတယ်။ ပြဿနာမဖြေရှင်းရသေးတဲ့ အထိ ဆက်လက်မဆောက်လုပ်ဖို့လည်း ပြည်နယ်တာဝန်ရှိသူတွေက မြန်မာတပ်ကို မေတ္တာရပ်ခံထားပါတယ်။