နောင်ချိုမြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေးအပါအဝင် လူငါးဦးဒဏ်ရာရ

RFA Burmese
2024.05.16
နောင်ချိုမြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေးအပါအဝင် လူငါးဦးဒဏ်ရာရ လက်နက်ကြီးထိမှန်ပျက်စီးသွားခဲ့သည့် နေအိမ်အဆောက်အအုံအား ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့က ထုတ်ပြန်ထားစဥ်။
The Ta'ang Post

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်ရွာမှာ မေလ ၁၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်လို့ ကလေးငယ်တစ်ဦးအပါအဝင် လူငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်ချိုမြို့နယ် လယ်ကြင်းကွေ့ ရွာအနီးမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ည ၉ နာရီအချိန်မှာ လက်နက်ကြီးနဲ့ နှစ်ကြိမ်ပစ်ခတ်ခဲ့လို့ အရပ်သားတွေ ထိခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညကြီးဗျာ ပစ်လိုက်တာ။ လယ်ကြင်းကွေ့ကနေ ပစ်လိုက်တာ။ သုံးဆယ်ဘက်ကိုကျတာ။ အိမ်ပေါ်ကျလို့ မိသားစုတွေ ထိခိုက်သွားတယ်”

ဒဏ်ရာရသူတွေရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မေလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်က သုံးဆယ်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။