မြင်းခြံ နဘူးအိုင်ရွာမှာ လက်နက်ကြီးကြောင့် တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ
2024.05.26

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် နဘူးအိုင်ရွာမှာ မေလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နဘူးအိုင်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခဲ့တာဖြစ်ပြီး အသက် ၈၀ ကျော်အရွယ် ဒေါ်ခင်ညွန့် သေဆုံးခဲ့တာလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ နဘူးအိုင်ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။
"သူက နာမကျန်းဖြစ်နေတာတော့ တော်တော်ကြာပြီ။ သူများတွေပြေးတဲ့အချိန်မှာ သူတို့ကတော့ မပြေးဘဲ အိမ်မှာ နေနေတာပေါ့။ ည နှစ်ချက်ထိုးလောက်က နဘူးအိုင်လမ်းပေါ်မှာ တပ်စွဲထားတဲ့သူတွေကနေပြီးတော့ ရွာထဲကို လက်နက်ကြီးနဲ့ပစ်လိုက်တာ။ သူ့အိမ်ပေါ်တည့်တည့်ကျပြီး ဒေါ်ခင်ညွန့် ဗိုက်ပွင့်သွားတယ်။ သူ့ကို ပြုစုပေးတဲ့သူကတော့ ခြေထောက်မှာ ထိခိုက်ဒဏ်ရာများတယ်ပေါ့"
ဒဏ်ရာရသူကိုတော့ မန္တလေးမြို့ကို့ပို့ဆောင်ပြီး ဆေးကုသပေးနေရတယ်လို့ ဆိုပါတယ်။
မေလ ၂၂ ရက်နေ့က နဘူးအိုင်ရွာကို အင်အားရှစ်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ပြီး မြင်းခြံ - မန္တလေး ကားလမ်းဘေးက အအောက်အအုံတွေမှာ တပ်စွဲနေတာလို့ နဘူးအိုင်ရွာခံတွေက ပြောပါတယ်။
အိမ်ခြေငါးရာကျော်ရှိတဲ့ နဘူးအိုင်ရွာက ဒေသခံနှစ်ထောင်ကျော်ကတော့ အဲဒီနေ့ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။
ရွာကိုဝင်ရောက်ပြီး နောက်နေ့မှာပဲ နဘူးအိုင်ရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၄၀ ကျော်အရွယ် ကိုလင်းဆိုသူလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
---------------
(Photo: )