အာဆီယံအထူးကိုယ်စားလှယ် စစ်ကောင်စီနဲ့ တွေ့ဆုံ
2024.05.15

အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာလွန်ကယ်ကစ်တစ်ခွန် (Alounkeo Kittikhoun) မြန်မာနိုင်ငံကိုလာရောက်ပြီး မေလ ၁၅ ရက်နေ့မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုမှာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး အာဆီယံက ကူညီဆောင်ရွက်ပေးမဲ့ကိစ္စနဲ့ အာဆီယံ-မြန်မာ ပူးပေါင်းဆောင်ရွက်သင့်တဲ့အချက်တွေကို ဆွေးနွေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီ့အပြင် လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေအတွက်လည်း ဆွေးနွေးခဲ့ပြီး စစ်ကောင်စီကတော့ ဒီမိုကရေစီလမ်းကြောင်းပေါ် ဆက်သွားနိုင်ဖို့အတွက် ရွေးကောက်ပွဲလုပ်ဖို့ ကြိုတင်ပြင်ဆင်နေတဲ့ကိစ္စတွေကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ဒီတွေ့ဆုံမှုမှာ အထူးကိုယ်စားလှယ်နဲ့အတူ အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN၊ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Centre) အမှုဆောင်ဒါရိုက်တာ Mr. LEE YAM MING တို့လည်း ပါဝင်ခဲ့ပါတယ်။
မြန်မာအရေးမှာ အာဆီယံရဲ့ ညှိနှိုင်းနိုင်မှုအခြေအနေ ဘယ်လောက်ထိ အကောင်ထည်ပေါ်အောင် လုပ်ဆောင်လာနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရဦးမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခုခရီးစဉ်ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်တာဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့ ပထမကြိမ် ခရီးစဥ်တုန်းကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတချို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက် အာဆီယံ အထူးကိုယ်စားလှယ်ဟာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီလကတည်းက မြန်မာ့အရေးကိုဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ငါးရပ်ကို ချမှတ်ခဲ့ပါတယ်။
ဒါကို အကောင်အထည်ဖော်ဖို့ အလှည့်ကျဥက္ကဋ္ဌနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားတို့ သုံးနှစ်နီးပါး ဦးဆောင်ကြိုးပမ်းခဲ့ပေမဲ့ ဘယ်နိုင်ငံကမှ မြန်မာ့အရေးကို ထိရောက်စွာ မဖြေရှင်းနိုင်ခဲ့သလို ဖမ်းဆီးထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခွင့်မရခဲ့ပါဘူး။