ဗေဒါကျောင်း သင်တန်းဆင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ဒီကနေ့မနက် ဆယ်နာရီက သင်္ဃန်းကျွန်း မြို့နယ်မှာ ကျင်းပတဲ့ ဗေဒါ အခမဲ့ ပညာရေးကျောင်း စာကြည့်တိုက် ဖွင့်ပွဲ နဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ ပါတယ်။

2011.10.31
assk-bayda-305 ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်မှာ ကျင်းပပြုလုပ်သည့် ဗေဒါ အခမဲ့ပညာရေးကျောင်း စာကြည့်တိုက်ဖွင့်ပွဲနှင့် သင်တန်းဆင်းပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စကားပြောဆိုနေစဉ်။
NLD

ကျောင်းတည်ရှိရာ သင်္ဃန်းကျွန်း မြို့နယ် ၁၆/၃ ရပ်ကွက၊် သုမန လမ်း၊ အမှတ် (၄၅၃) မှာ ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ သူရ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ CRPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မတီ တာဝန်ခံ ဦးစောနိုင်းနိုင်း နဲ့ မြို့နယ်ခေါင်းဆောင်တွေ၊ ဗေဒါကျောင်း ကြီးကြပ်ရေး ကော်မတီဝင်တွေ၊ ဆရာ ဆရာမတွေ တက်ရောက်ခဲ့ကြ ပါတယ်။

ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တယ်ဆိုတာ သိကြလို့ ကျောင်းရှေ့မှာ လာရောက် ကြိုဆိုကြတဲ့ ပရိသတ် ငါးရာလောက် ရှိပြီး ၊ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ ပရိသတ်ကို ကျောင်းအပေါ်ထပ် ဝရံတာကနေ နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပါတယ်။

အခုလို သင်တန်းတွေ ဖွင့်လှစ်ရတာ ပြည်သူတွေ ပညာ တိုးတက် ရရှိပြီး၊ တန်ဖိုးရှိသူတွေ ဖြစ်အောင် ရည်ရွယ်ကြောင်း ဦးဆုံး ရှင်းလင်း ပြောဆိုပါတယ်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်တစ်ပြည်မှာ သဘာ၀ သယံဇာတတွေထက် ပြည်သူတွေက ပိုပြီး တန်ဖိုးရှိကြောင်း၊ ပြည်သူတွေ ကျန်းမာသန်စွမ်းပြီး ပညာတတ်မှ တိုင်းပြည် တိုးတက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း၊ ဒီလို စွမ်းဆောင်နိုင်အောင်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ဖြည့်ဆည်းပေးနေတာ ဖြစ်ကြောင်း နိုင်ငံရေး လုပ်သူတွေ အနေနဲ့ပြည်သူတွေ အပေါ် တန်ဖိုးထား လေးစားရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ သူရဦးတင်ဦး နဲ့ ဗေဒါကျောင်း ကြီးကြပ်ရေး အဖွဲ့ဝင် ဦးစိုးမြင့်တို့ကလည်း အမှာစကား ပြောကြားပါတယ်။

သင်တန်း ကြီးကြပ်ရေး ကော်မတီဝင် ဦးကိုကိုမြင့်နဲ့ ကိုမျိုးရန်နောင်သိန်းတို့ ကလည်း သင်တန်းနဲ့ပတ်သက်ပြီး ရှင်းလင်း ပြောကြားကြပါတယ်။

အဲဒီနောက် နိုင်ငံရေးသိပ္ပံ အပတ်စဉ် (၈) တစ်လခွဲ သင်တန်းဆင်း ၂၆ ယောက်နဲ့လူမှု အဖွဲ့အစည်းများ ဖွဲ့စည်းပုံ သင်တန်း အပတ်စဉ် (၃) သင်တန်းဆင်း ၁၅ ယောက်၊ စုစုပေါင်း ၄၁ ယောက်ကို NLD ခေါင်းဆောင်များနဲ့ကျောင်းကြီးကြပ်ရေး ကော်မတီဝင်တွေက သင်တန်းဆင်း လက်မှတ် ပေးအပ်လိုက် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။