မြန်မာ့တိုးတက်မှုတွေကို စောင့်ကြည့်နေ အမေရိကန်အမတ် ပြော

မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှု တွေကို ကျေနပ်အားရပေမယ့် ဒီထက် ပိုလုပ်ဆောင်ဖို့ လိုပြီး မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှု ရုပ်သိမ်းရေးမှာ တိုင်းရင်းသား ပဋိပက္ခ အဆုံးသတ်ရေး ကိစ္စတွေဟာ အဓိကအချက် ဖြစ်တယ် လို့ အမေရိကန် အထက်လွှတ်တော်အမတ် Mr. Mitch McConnell က ဒီနေ့ ပြောကြားလိုက်ပါတယ်။

2012.01.16
assk-mccornell-b305 ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အထက် လွှတ်တော် အမတ် Mitch McConnell တို့ ၂ဝ၁၁ ဇန်နဝါရီလ ၁၆ ရက်နေ့ က တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်နေအိမ် တွင် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။
NLD

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။

ကရင်တိုင်းရင်းသားတွေနဲ့ မကြာခင်ကလုပ်တဲ့ အပစ်ရပ်ရေး လုပ်ရပ်ဟာ အရေးကြီးတဲ့ လမ်းကြောင်းမှန်ဖြစ်ပြီး တိုးတက်မှုတွေကို အမေရိကန် နိုင်ငံအနေနဲ့ စောင့်ကြည့်နေပါတယ်လို့ ပြောသွားပါတယ်။

ကရင်တိုင်းရင်းသားတွေနဲ့ အပစ်ရပ်တာမျိုး လုပ်သလို တခြား တိုင်းရင်းသားတွေနဲ့လည်း ဒီလို တိုးတက်အောင်လုပ်တာ မြင်လိုကြောင်းလည်း ပြောပါတယ်။ အလားတူ ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ စောင့်ကြည့်မယ့်အကြောင်းနဲ့ အားလုံးသိတဲ့အတိုင်း လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိနေသေးတဲ့ အကြောင်းလည်း Mr. Mitch McConnell က ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှု ရုပ်သိမ်းရေးကိစ္စနဲ့ ပတ်သက်လို့လည်း ဒီမိုကရေစီရေး တိုးတက်မှုခြေလှမ်းနဲ့ လွတ်လပ်ခွင့် ပေးမှုအလိုက် တစ်ဆင့်ချင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ Mr. Mitch McConnell ဟာ မနက်ဖြန်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။