ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုကို စက်တင်ဘာလမှာ လာမည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို အမေရိကန် အောက်လွှတ်တော်က ချီးမြှင့်ထားတဲ့ Congressional Gold Medal ဆုကို လက်ခံရယူဖို့ လာမယ့် စက်တင်ဘာလမှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီ မြို့တော်ကို ရောက်လိမ့်မယ်လို့ အမေရိကန် လွှတ်တော်ဆိုင်ရာ အရာရှိတွေက ပြောလိုက်ပါတယ်။

2012.07.18
assk-crowley-goldmedal-b305 ဒေါ်အောင်ဆန်းစုကြည်ကို Congressional Gold Medal ဆု ချီးမြင့်သည့် စာမိတ္တူကို မြန်မာနိုင်ငံကို ၂၀၁၂ ဇန်နဝါရီလအတွင်း လာရောက်ခဲ့သော လွှတ်တော်အမတ် Joe Crowley က ပေးအပ်နေစဉ်။
ဓာတ်ပုံ-Joe Crowley ၏ဓာတ်ပုံအဖွဲ့မှ ရိုက်ကူးသည်။

ဒီဆုဟာ အမေရိကန် အောက်လွှတ်တော်က ချီးမြှင့်တဲ့ အမြင့်ဆုံးဆု တစ်ခုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ခုနှစ် မေလကတည်းက ချီးမြှင့်ထားတာပါ။ ဆုပေးပွဲကို အမေရိကန်သမ္မတနဲ့ ထိပ်တန်း လွှတ်တော်အမတ်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Atlantic Council (အတ္တလန်တစ် ကောင်စီဆိုတဲ့ အကြံပေးအဖွဲ့) ကချီးမြှင့်ထားတဲ့ Global Citizen Award ကမ္ဘာ့နိုင်ငံသားဆုကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ လက်ခံရယူမှာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ms. Taleen Ananian ( မစ္စ တယ်လီင်း အန်နာနီယန်) ကပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြန်ကြားရေးရုံး ညွှန်ကြားရေးမှူး Patrick Ventrell က ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာကို ကြိုဆိုပါကြောင်း၊ နှစ်ဦးနှစ်ဖက် ဆွေးနွေးဖို့ရှိပေမဲ့ ဒါနဲ့ ပတ်သက်လို့ အခု ကြေညာစရာ မရှိသေးဘူးလို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပြင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Henry Kissinger ၊ မြန်မာနိုင်ငံကို သွားရောက်ဖူးတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဟောင်း Sadako Ogata နဲ့ လူသားချင်း စာနာမှု အကူအညီပေးသူ ဂီတပညာရှင် Quincy Jones တို့ကိုလည်း အက်တလန္တိတ်ကောင်စီက Global Citizen ကမ္ဘာ့နိုင်ငံသားဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။