ဒေါ်အောင်ဆန်းစုကြည်က ပညာရေးနဲ့ လူ့ဂုဏ်သိက္ခာ ဆက်စပ် ပြောဆို
2011.05.31

http://www0.hku.hk/socsc/assk/
ဟောင်ကောင် တက္ကသိုလ်က တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ ဆရာ ဆရာမတွေနဲ့ ကျောင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ နိုင်ငံရေး အကျဉ်းသား အကြောင်းတွေ မေးမြန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဟောင်ကောင် တက္ကသိုလ်ကို ဗွီဒီယို မိန့်ခွန်းတခုလည်း ပေးပို့ခဲ့ပါတယ်။
အဲဒီ မိန့်ခွန်းမှာ
ဒေါ်အောင်ဆန်းစုကြည်က လူတွေကို လူကောင်း နဲ့ လူဆိုး ဒါမှမဟုတ် သုခမိန် နဲ့လူ့ဗာလရယ်လို့ ခွဲခြားတာထက် လေ့လာ ဆည်းပူးသူနဲ့ လေ့လာ သင်ယူခြင်း ကင်းမဲ့သူရယ်လို့ ခွဲခြားတာက ပိုပြီး အဓိပ္ပါယ် ရှိတယ်လို့ ရှုမြင်ကြောင်း အစချီကာ ဟောင်ကောင် တက္ကသိုလ်ရဲ့ အောင်မြင်မှုတွေကို ချီးမွမ်း ပြောဆိုခဲ့ပါတယ်။
တဆက်တည်းမှာဘဲ မြန်မာနိုင်ငံက တက္ကသိုလ် ကောလိပ်တွေရဲ့ တချိန်က နာမည် ကျော်ကြား ကောင်းမွန်ခဲ့ပုံတွေနဲ့ လက်ရှိ ယိုယွင်းနေတဲ့ ပညာရေး စနစ်၊ တက္ကသိုလ် ကျောင်းသားတွေ က မြန်မာ့ နိုင်ငံရေးမှာ ခေတ်အဆက်ဆက် ပါဝင်ခဲ့ပုံတွေ ၊ လက်ရှိ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရပုံတွေကို ဖော်ပြထားပြီး မိန့်ခွန်း နောက်ပိုင်းမှာတော့ ပညာရေး စနစ်တခု ဆိုတာဟာ လူ့ဂုဏ်သိက္ခာနဲ့လူ့လောကရဲ့တိုးတက်မှုကို တန်ဖိုးထား သင်ကြားပေးတဲ့ စနစ်တခုသာ ဖြစ်သင့်ပြီး တရား မျှတမှုနဲ့လွတ်လပ်ခွင့်တွေဟာ လူသားတွေရဲ့ မွေးရာပါ အခွင့်အရေးတွေ ဖြစ်တယ်ဆိုတာကို နားလည်နိုင်စွမ်း မရှိတဲ့ သြဇာခံ သက်သက် လူတန်းစားကို မွေးထုတ်ပေးတဲ့ ယန္တရား တစ်ခု မဖြစ်သင့်ဘူးလို့ ပြောဆိုလိုက် ပါတယ်။
မြန်မာနိုင်ငံမှာ တနေ့တော့ စစ်မှန်တဲ့ ပညာရေး စနစ်တခု ပေါ်ပေါက်လာပြီး အသိဉာဏ်နဲ့ဆင်ခြင်တုံ တရားတွေ ဝေဆာ ဖူးပွင့်လာလိမ့်မယ်လို့ ယုံကြည်ကြောင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့မိန့်ခွန်းကို နိဂုံးချုပ်ထားပါတယ်။
ဒီအကြောင်းအရာ အပြည့်အစုံကို ဒေါ်ခင်ခင်အိက ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |