ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၃၃ နှစ်ထိချခံရတာကို နိုင်ငံတကာရှုတ်ချ

2022.12.30
ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၃၃ နှစ်ထိချခံရတာကို နိုင်ငံတကာရှုတ်ချ ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဥရောပသမဂ္ဂလွှတ်တော်မှာ လူ့အခွင့်အရေးဆု လက်ခံရယူခဲ့စဉ်။
Photo: Reuters

အမေရိကန်

ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်းစစ်ကောင်စီက ထပ်တိုးထောင်ဒဏ်တွေ ချမှတ်လိုက်တာကို ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရှိသူက ပြောပါတယ်။

ဒါဟာ "တရားဥပဒေစိုးမိုးရေးကို မထီမဲ့မြင် စော်ကားလိုက်တဲ့လုပ်ရပ်ဖြစ်တယ်" လို့  မှတ်ချက်ပြုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်နိုင်ငံက တောင်းဆိုကြောင်းလည်း AFP သတင်းက ဖော်ပြပါတယ်။

မြန်မာပြည်ဒီမိုကရေစီပြန်ရရေးအတွက် အမေရိကန်အနေနဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ လက်တွဲကြိုးပမ်းလျှက်ရှိတယ်လို့လည်း ပြောခွင့်ရှိသူကဆိုပါတယ်။ 

000_9326BT.jpg
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မှာတွေ့ရသည့် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲ (Photo: AFP)

ဥရောပသမဂ္ဂ(EU)

အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မအမျိုးမျိုးတပ်ပြီး စုစုပေါင်းထောင်ဒဏ် ၃၃ နှစ်ထိ ချမှတ်ထားတာကို ရှုတ်ချကြောင်း ဥရောပသမဂ္ဂ(EU)ပြောခွင့်ရှိသူက ပြောဆိုလိုက်ပါတယ်။

ဒါကိုကြည့်ရင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးစင်မြင့်ကနေ လုံးဝဖယ်ရှားဖို့ ကြိုးစားနေတယ်ဆိုတာကို ထင်ထင်ရှားရှားမြင်နေရတယ်လို့ အဲဒီပြောခွင့်ရှိသူက ပြောဆိုကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွပ်စွဲတရားစွဲဆိုချက်တွေဟာလည်း "နိုင်ငံရေးအရ လုပ်ကြံဖန်တီးမှု သက်သက်ဖြစ်တယ်"လို့ သူက ဝေဖန်ပါတယ်။ တရားခွင်တွေဟာလည်း တရားဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတ ဦးဝင်းမြင့်အပေါ် ထောင်ဒဏ် ၁၂ နှစ်ထိ ချမှတ်ထားတာကိုလည်း ရှုတ်ချကြောင်း ပြောဆိုပါတယ်။
000_Par7194448.jpg
၂ဝ၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ ပြင်သစ်ခရီးစဉ်အတွင်း အဲဒီကာလက ပြင်သစ်သမ္မတနှင့်အတူ တွေ့ရစဉ်။ (Photo: AFP)

ပြင်သစ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ အားလုံးကိုချက်ချင်းပြန်လွှတ်ပေးဖို့ ပြင်သစ်အစိုးရက ဒီနေ့တောင်းဆိုလိုက်ပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်တွေကို အာဏာသိမ်းစစ်ကောင်စီက မတရားစွဲချက်တွေနဲ့ တရားစွဲထားပြီး၊ ဒီကနေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တာကို ရှုတ်ချကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေးလှုပ်ရှားနေသူတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတစ်ရပ်ဖြစ်ဖို့ လိုလားကြောင်းလည်း ပြင်သစ်က ထပ်လောင်းပြောဆိုပါတယ်။

ကုလသမဂ္ဂက လုံခြု့ရေးကောင်စီက ချမှတ်ထားတဲ့အတိုင်း ဖမ်းဆီးခံထားရသူတွေ အားလုံးကို လွှတ်ပေးဖို့၊ စစ်ကောင်စီဘက်က အကြမ်းဖက်မှုတွေ ရပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံအထူးကိုယ်စားလှယ်၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေရဲ့ ကြိုးပမ်းချက်တွေကို ပြင်သစ်နိုင်ငံဘက်က အထောက်အပံ့ပေးသွားမယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီက နောက်ဆုံးလက်ကျန်အမှုတွေအတွက် ဒီဇင်ဘာ ၃ဝ ရက် ဒီကနေ့မှာ ထောင်ဒဏ် ၇ နှစ် ထပ်တိုးချလိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ကျခံရဖို့ရှိနေပါတယ်။ 
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။