ကိုအောင်ကိုထွေး အမှုရုံးချိန်း
2018.07.31

နိုင်ငံတော် တံဆိပ်ခေါင်း ဥပဒေပုဒ်မ ၇ နဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး အမှုကို ဗိုလ်တထောင်မြို့နယ်တရားရုံးမှာ ဒီနေ့ တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပါတယ်။
သက်သေရဲ့ထွက်ဆိုချက်တွေအရ ကိုအောင်ကိုထွေးကို စွဲဆိုထားတဲ့ ပုဒ်မနဲ့ ငြိစွန်းတာ မပေါ်ပေါက်သေးကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။
ဒီနေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ကိုအောင်ကိုထွေးကို ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ကိုအောင်ကိုထွေးကို စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ ၉ ဦးရှိပါတယ်။
နိုင်ငံတော် တံဆိပ်ခေါင်း ဥပဒေပုဒ်မ ၇ နဲ့ ကိုအောင်ကိုထွေးကို တရားစွဲဆိုတာဟာ ချက်ချင်းမစွဲသေးဘဲ အထက်ကို တင်ပြရတဲ့အတွက် ရက်ကြာပြီးမှ သိခဲ့ရကြောင်း ဒါဟာ ရဲလက်စွဲ ဥပဒေအရ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၇ သို့မဟုတ် ၂၁၈ အရ အရေးယူခံရနိုင်တယ်လို့ ရှေ့နေက ပြောပါတယ်။
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးဟာ သူ့ရဲ့ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရတာတွေကို RFA သတင်းဌာနကို ဖြေကြားခဲ့တဲ့အတွက် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တပ်မတော်က တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရပါတယ်။
ပုဒ်မ ၅၀၅ (ခ) အမှုကို ရင်ဆိုင်ချိန်မှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးကို အယုံအကြည်မရှိတဲ့အတွက် တရားရုံးစစ်ဆေးမှုကို သပိတ်မှောက်ခဲ့တဲ့အတွက် တရားရုံးမထိမဲ့မြင်မှုနဲ့ ထပ်မံတရားစွဲဆိုခံခဲ့ရပြီး လက်ရှိ မှာ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ခေါင်း ဥပဒေနဲ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေး ခံနေရတာဖြစ်ပါတယ်။