ILO အရာရှိနဲ့ တွေ့ဆုံအပြီး လယ်သမားတွေ အခြေအနေ ပိုဆိုးဝါး

ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Mr. Steve Marshall နဲ့တွေ့ဆုံပြီး အခက်အခဲတွေ တင်ပြခဲ့ကြတဲ့ အောင်လံမြို့နယ်က လယ်သမားတွေကို သူတို့ စိုက်ပျိုးထားတဲ့ လယ်မြေတွေထဲ မဝင်ရတော့ဘူး ဆိုပြီး ကပစ (၁၅) စစ်တပ်က ပိတ်ပင် တားမြစ်လိုက်တဲ့အတွက် ရန်ကုန် ILO ရုံးကို လယ်သမားတွေ ဒီကနေ့ သွားရောက် တိုင်တန်းခဲ့ကြပါတယ်။

2010.12.24

အဲဒီ လယ်သမားတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း စစ်တပ်က မြေသိမ်းတာ ခံရသလို၊ စီမံကိန်းသီးနှံ အဖြစ် နွေစပါး၊ ဝါ စတာတွေ စိုက်ဖို့ အတင်းအကြပ် ခိုင်းစေခံခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဒီလို စိုက်ပျိုး လုပ်ကိုင်ပေးနေရင်း သီးနှံ အောင်မြင်မှု နည်းရင် မြေအသိမ်းခံရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်က ခိုင်းတဲ့ လုပ်အားပေး ဆိုတာတွေလည်း လုပ်ကိုင်ပေးရတယ်လို့ ပြောပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ရင် ILO ကို တိုင်ကြားလို့ ရတယ်လို့ သိလာတဲ့နောက် တိုင်ကြားကြတဲ့အခါမှာ အာဏာပိုင်တွေဘက်က အခုလို တန်ပြန် ဆောင်ရွက်လာတာ ဖြစ်ကြောင်း ဦးသန်းစိုးက ပြောပါတယ်။

အောင်လံမြို့နယ်မှာ ILO ရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုကြောင့် လယ်သိမ်းခံရတဲ့ လယ်သမားတချို့ မြေယာတွေ ပြန်ရရှိတဲ့ အဖြစ်အပျက်တွေလည်း ရှိပါတယ်။

ဒီအတောအတွင်း ပဲခူးတိုင်း အနောက်ခြမ်း ကြို့ပင်ကောက်မြို့နယ်မှာ စစ်တပ်က လုပ်ကိုင်နေတဲ့ နွေစပါးခင်း ရေရအောင် ဆည်ရေ ဖောက်ပေးနေတဲ့အတွက် ဒေသခံ လယ်သမားတွေရဲ့ ပဲစိုက်ခင်း ဧက ၄ ရာကျော် ရေမြုပ်ပျက်စီးမယ့်အရေး ကြုံနေရတယ်လို့ သိရပါတယ်။

ပဲခူးတိုင်း အနောက်ခြမ်းက လယ်သမားတွေဟာ ပဲစိုက်ပျိုးတာက စီးပွားရေးအရ တွက်ခြေကိုက်တဲ့အတွက် ဆောင်းသီးနှံအဖြစ် ပဲ အစိုက်များလေ့ ရှိပါတယ်။ အခုနှစ်မှာတော့ မိုးဖျက်တဲ့အတွက် ပဲခင်း အတော်များ ပျက်စီးတဲ့ အကြောင်းတွေလဲကြားသိနေရပါတယ်။

စစ်တပ်က အခု နွေစပါးစိုက်တဲ့ မြေနေရာဟာ လယ်သမားတွေရဲ့ ပဲခင်းထက် မြေအမြင့်ပိုင်းရောက်နေ တယ်လို့ ဆိုပါတယ်။ တောင်သူတွေရဲ့ ပဲခင်းတွေ ရေမနစ်အောင် နွေစပါး စိုက်နိုင်မယ့် မြေနေရာလည်း အဲဒီ ဒေသမှာ ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။