အောင်ရဲထွေး အမှုရုပ်သိမ်းတဲ့ နောက်ခံအကြောင်းရင်းကို စိစစ်ဖို့ သမ္မတ ညွှန်ကြား
2018.07.31
ဟာသသရုပ်ဆောင် အောင်ရဲထွေး အမှုကို ရုပ်သိမ်းလိုက်တာနဲ့ပတ်သက်တဲ့ နောက်ခံအကြောင်းရင်းတွေ၊ တခြားဆက်နွယ်တာတွေကို တိတိကျကျ စိစစ်ပြီး ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင် ဥက္ကဌတို့ကို ဒီနေ့ တွေ့ဆုံမှာကြားလိုက်ပါတယ်။
အောင်ရဲထွေး အသတ်ခံရတဲ့အမှုနဲ့ သံသယရှိသူ ၃ ဦး ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက အမှုရုပ်သိမ်းခွင့်ပြုပြီး လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
အဲဒီခရိုင်တရားရုံးက လွှတ်မိန့်ချထားတာကို ပယ်ဖျက်ပြီး အမှုကို ဆက်လက်စစ်ဆေးဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး က တိုင်းဒေသကြီး ဥပဒေချုပ်ထံ မနေ့က ညွှန်ကြားလိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒီနေ့မနက်မှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌတို့နဲ့ တေ့ွဆုံခဲ့ကြောင်းလည်း ဦးဇော်ဌေး က ရေးသားဖော်ပြ ထားပါတယ်။
အဲဒီအမှုကို ရုပ်သိမ်းခွင့်ပြုလိုက်တာကြောင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို ဝေဖန်မှုတွေပြင်းထန်ခဲ့ပါတယ်။
အောင်ရဲထွေး သေဆုံးတဲ့အမှုကို ရုပ်သိမ်းခွင့်ပေးလိုက်တဲ့ တရားသူကြီးအပါအဝင် ပါဝင်ပတ်သက်သူတွေကိုပါ စစ်ဆေးပေးဖို့ လိုအပ်တယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားကြသူတွေရှိပါတယ်။ အဲဒီပါဝင်ပတ်သက် သူတွေကို စစ်ဆေးဖို့ သမ္မတကြီးက မှာကြားခဲ့တာရှိ မရှိကို မေးမြန်းဖို့အတွက် နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေ ကြားခြင်း မရှိခဲ့ပါဘူး။