ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီတပ်စခန်းကို AA သိမ်းပိုက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် အမှတ် ၄၀ အနီးက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်တယ်လို့ ရက္ခိုင့်တပ်တော် AA က သြဂုတ်လ ၃၁ နေ့ညပိုင်းမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
အဲဒီနားမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာ တစ်လနီးပါးကြာပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၉ ယောက်သေဆုံးပြီး တစ်ယောက်ကို အရှင်ဖမ်းမိခဲ့သလို၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ AA က ပြောပါတယ်။
ရက္ခိုင့်တပ်တော် AA ဘက်ကလည်း ထိခိုက်၊သေဆုံးတာ ရှိခဲ့တယ်ဆိုပေမယ့် အရေအတွက်ကိုတော့ မဖော်ပြပါဘူး။ အဲဒီဒေသမှာ တစ်လကြာဖြစ်နေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေ ဂျက်တိုက်လေယာဉ်တွေနဲ့ပါ တိုက်ခိုက်ခဲ့သလို တစ်ရက်ကို လက်နက်ကြီးနဲ့ အကြိမ် သုံးလေးရာလောက် ပစ်ခဲ့တယ်လို့လည်း AA ကဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ရခိုင်တိုက်ပွဲနဲ့ ပတ်သက်လို့ ထုတ်ပြန်တာ မရှိပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA က လတ်တလော ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
AA ဘက်က သိမ်းယူလိုက်တဲ့ စခန်းဟာ နယ်ခြားစောင့်တပ်ခွဲ (နခခ - ၆) ဖြစ်တယ်လို့ စစ်တပ်ထောက်ခံသူတွေက အွန်လိုင်းမှာ ပြောဆိုနေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့မှာ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သားသုံးဦးဖြစ်တဲ့ အသက် (၅) နှစ်အရွယ် မောင်မြတ်သူလင်း(၅ နှစ်)၊ ဦးလှအောင်သိန်း (၃၈ နှစ်)၊ ဒေါ်အေးယဉ်နု (၆၉ နှစ်) တို့ သေဆုံးခဲ့ရပြီး ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။