သွေးလှူရှင်များ အန္တရာယ်ကာလကို အံတုပြီး ပုံမှန်လှူဒါန်းနေ

ဇာဏီထွဏ်း
2020.04.28

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကာလအတွင်း အပြင်မထွက်ဘဲ အိမ်တွင်းအောင်းနေကြပေမယ့် သွေးလှူရှင်တွေ ဟာ ရန်ကုန်ကဆေးရုံတွေမှာ လိုအပ်တဲ့သွေး ဖြည့်ဆည်းနိုင်ဖို့အတွက် သွေးလှူဘဏ်ကို ဆက်သွယ်လှူဒါန်းနေ ကြပါတယ်။

ခုလို ကူးစက်ရောဂါ အန္တရာယ်ကာလအတွင်း အပြင်မထွက်ကြဖို့ အစိုးရက တိုက်တွန်းထားပေမယ့် သွေးလှူရှင် တွေကတော့ ရန်ကုန်မြို့ အမျိုးသားသွေးလှူဌာနကို သွားရောက်လှူဒါန်းနေကြပါတယ်။

ဧပြီ ၁ ကနေ ၂၁ ရက်အထိ သွေးလှူရှင် ၂၈၀၀ ကျော်က လာလှူခဲ့ကြရာ  အရေးပေါ်သွေးလိုအပ်တဲ့ လူနာတွေ၊ မွေးရာပါသွေးအားနည်းလို့ တခြားသူရဲ့သွေးနဲ့ အသက်ဆက်နေရသူတွေ၊ သွေးနဲ့ဆိုင်တဲ့ ရောဂါခံစားနေရတဲ့ သူတွေ၊ ကင်ဆာရောဂါအတွက် ကုသမှုခံယူနေရတဲ့ လူနာတွေအတွက် အဆင်ပြေခဲ့ပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံမှာဆိုရင်လည်း အမျိုးသားသွေးဌာနက ပေးတဲ့သွေးနဲ့ လာလှူကြတဲ့ သွေးအလှူရှင် တချို့ကြောင့် လတ်တလော လုံလောက်နေတယ်လို့လည်း အဲဒီဆေးရုံရဲ့ ဓာတ်ခွဲပညာရှင် နော်ထူးဆေးက ပြောပါတယ်။

“လောလောဆယ်တော့ သွေးက လုံလုံလောက်လောက်ရှိတယ်။ အရမ်းခက်ခဲတဲ့ အခါကျရင်တော့ Page မှာ တင်ပေးပါတယ်။ အရင်ကထက်စာရင် နည်းပေမယ့် အရမ်းတော့မနည်းဘူး။ ၄ ပုံ ၁ ပုံလောက်တော့ နည်းသွားတယ်။ ဒီမှာတော့ ၃ ပေအကွာနဲ့ နေခိုင်းပါတယ်။ သွေးအလှူရှင်ကို လူနာရှင်က ရှာရတာဆိုတော့ လာရသွားရတာကို လူနာရှင်နဲ့ပဲ ညှိကြတာပေါ့။ သွေးလှူဘဏ်ကိုရောက်ရင်တော့ လူစုလူဝေးမဖြစ်အောင် တစ်ယောက်နဲ့ တစ်ယောက် ၃ ပေအကွာ ထိုင်ခိုင်းတာတို့ လုပ်တာပေါ့“

ပရဟိတအဖွဲ့အစည်းတွေရဲ့ သွေးလှူဒါန်းမှု အစီအစဉ်တွေရှိသလို တစ်ဦးတစ်ယောက်ချင်း သွားရောက်လှူဒါန်း တာလည်း ရှိပါတယ်။ စနေ၊ တနင်္ဂနွေလိုရက်တွေဆိုရင် သွေးယူနစ် ၈၀၀ ကနေ တစ်ထောင် ကြားရှိပါတယ်။

ဆက်သွယ်ရေးလွယ်ကူလာတဲ့ ဒီနေ့ခေတ်မှာ Facebook လိုမျိုး လူမှုကွန်ရက်မီဒီယာ လူသုံးများလာတာကြောင့်  တစ်နေရာရာမှာ သွေးလိုအပ်ချက် အရေးပေါ်အခြေအနေဖြစ်လာရင် ချိတ်ဆက်ကူညီကြတဲ့အတွက် သွေးလှူရှင် က သက်ဆိုင်ရာဆေးရုံကို အရောက်သွား လှူဒါန်းတာမျိုးလည်း ရှိပါတယ်။

ရန်ကုန် ကလေးဆေးရုံက သွေးရောဂါနဲ့ ဆေးကုသဆောင်တွေက ကလေးတွေအတွက် လိုအပ်နေတာကြောင့် သွေးအလှူရှင်ကို စောင့်မျှော်နေတယ်လို့ ဓာတ်ခွဲမှူး ဦးအောင်ကိုကိုက ပြောပါတယ်။

“လောလောဆယ် သွေးကတော့ အမျိုးသားသွေးဌာနက ထောက်ပံ့ပေမယ့် ကလေးတွေရဲ့ လိုအပ်ချက်တော့ မပြည့်မီဘူးပေါ့။ ဒီကာလက ကိုရိုနာကာလဆိုတော့ ရောဂါကူးမှာစိုးလို့ မလာကြတာလည်း ဖြစ်မှာပေါ့။ အဓိကက ဆေးရုံမှာက သွေးရောဂါတွေ ရှိတော့လေ၊ နေ့တိုင်းလိုလို သွင်းရတာပေါ့။ သွေးဥမွှားတွေ လိုတာပေါ့။ တစ်နေ့က ၂၅ ၊ ၃၀ ဝန်းကျင်လောက် လိုအပ်တာပေါ့။ တစ်ခါတလေ ၃၀ ကျော်သွားတယ်“

နိုင်ငံတကာမှာလည်း လူအများအပြား အသွားအလာ ကန့်သတ်လာတဲ့နောက်ပိုင်း သွေးလှူဒါန်းမှု နည်းပါးလာကြ တဲ့နောက်ပိုင်း ဆေးရုံတွေမှာ သွေးလိုအပ်ချက်ကြီးမားလာတယ်လို့ ဧပြီလဆန်းပိုင်း သတင်းတွေမှာ တွေ့ရပါ တယ်။

ဧပြီ ၁၆ ရက်နေ့မှာတော့ ကျန်းမာရေးဝန်ထမ်း ၅ဝဝ ကျော်က သွေးလှူဒါန်းမှု ပိုမိုများပြားလာစေရေးအတွက် အာဏာပိုင်တွေကို အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တဲ့အထဲမှာ လိင်တူဆက်ဆံသူတွေဆီက သွေးအလှူခံမှု မပြုဖို့ဆိုတဲ့ ခေတ်နောက်ကျနေတဲ့ ကန့်သတ်မှုကို ပယ်ဖျက်ပေးဖို့ တောင်းဆိုထားတဲ့အကြောင်း AFP သတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

Channel News Asia ရဲ့ သတင်းတစ်ပုဒ်မှာတော့ စင်္ကာပူမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ပြန်လည်သက်သာ ပျောက်ကင်းသွားသူ တစ်ရာကျော်ရှိရာမှာ သွေးရည်ကြည် ကုထုံးအတွက် သူတို့ ထဲက ၁၁ ဦးကို သွေးအလှူခံဖို့ စုစည်းထားတဲ့အကြောင်း ဖော်ပြထားပါတယ်။

ရောဂါပျောက်ကင်းသူရဲ့ သွေးရည်ကြည်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အသည်းအသန်လူနာတွေကို ကုသရာမှာ အသုံးပြုနိုင်မယ်လို့ ယူဆနေကြပါတယ်။

ပုံမှန်အခြေအနေမှာဆိုရင် မြန်မာနိုင်ငံမှာလည်း  ဆေးရုံအသီးသီးမှာ လိုအပ်နေတဲ့ သွေးအတွက်  သွေးလှူရှင်တွေ ပုံမှန်ရှိခဲ့ပါတယ်။

အခုလို ကပ်ရောဂါဘေး ရင်ဆိုင်နေရတဲ့ကာလ အစပိုင်းမှာ သွေးလှူချင်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက် ခံရမှာ စိုးရိမ်ပြီး မလှူဖြစ်ကြတာကြောင့်လည်း သွေးအလှူရှင် လျော့ပါးသွားခဲ့တာပါ။

လမ်းမတော်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင် ကိုထွန်းကိုကိုကတော့ အရေးကြီးကာလ အသွားအလာ ကန့်သတ်ထား တဲ့အတွက် သွေးလှူရှင်တွေ သွားလာဖို့ အခက်ခဲတွေရှိတယ်လို့ ပြောပါတယ်။

“ပုံမှန်အချိန်တွေမှာလည်း အခက်ခဲရှိတယ်။ ကိုဗစ်ကာလမှ ဘာအခက်ခဲရှိလဲဆိုတော့ အလှူရှင်တွေက အလုပ်နဲ့ဆိုတော့ သူတို့ရုံးသွားဖို့လာဖို့ အချိန်ပေးရတာရှိတယ်။ တစ်ခါတလေ ညဘက်တွေ သွေးလိုတာမျိုး တွေရှိတယ်။ အဲဒီအခါ ကြန့်ကြာတာမျိုးတွေ ခက်ခဲတာမျိုးတွေရှိတယ်။ ကိုဗစ်ကာလဆိုတော့ ရောဂါကူး မှာလည်းကြောက်တယ်။ အဲဒါလည်းပါတာပေါ့။ သွေးသွားလှူလိုက်လို့ တစ်နေရာရာကများ ကူးမလားဆိုပြီး စိုးရိမ်ကြတာလည်း ရှိတာပေါ့“

သွေးလှူဘဏ်ကို အမည်ပြောင်းထားတဲ့ အမျိုးသားသွေးဌာနဟာ ရန်ကုန်တိုင်းအတွင်းက ဆေးရုံကြီး ၁၄ ခုကို သွေးထောက်ပံ့ပေးနေရတာဖြစ်ပါတယ်။

အခုလို ကပ်ရောဂါဘေးကြောက်နေရတဲ့ အချိန်မှာ သွေးလိုအပ်နေတဲ့ သူတွေအတွက် သွေးအလှူဟာ အင်မတန် မွန်မြတ်တဲ့ ဒါနဖြစ်ပြီး နောက်ထပ်လည်း သွေးလိုအပ်တာတွေ ရှိနေဦးမှာ ဖြစ်တဲ့အတွက် သွေးအလှူရှင်တွေကို ဆက်မျှော်လင့်နေရဦးမှာပဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။