သံလွင်တံတား စစ်ဆေးရေးဂိတ်ပေါက်ကွဲမှု တစ်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရ

RFA Burmese
2023.07.31
သံလွင်တံတား စစ်ဆေးရေးဂိတ်ပေါက်ကွဲမှု တစ်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်တံတား စစ်ဆေးရေးဂိတ်အနီးတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့စဉ်။
Karen Information Center -KIC

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်တံတား စစ်ဆေးရေးဂိတ်အနီးမှာ ဇူလိုင်လ ၃၁ ရက် ဒီကနေ့မနက် ၇ နာရီခန့်က ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ခရီးသွားပြည်သူတစ်ဦး သေဆုံးပြီး၊ နောက်ထပ်ပြည်သူနှစ်ဦးနဲ့ အဲဒီဂိတ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့် ကလည်း ပေါက်ကွဲမှုကြောင့် ဂိတ်မှာလုံခြုံရေးယူနေတဲ့ တပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ အရပ်သား နှစ်ဦး စုစုပေါင်း ၁၂ ဦးဒဏ်ရာရခဲ့ပြီး အသက် ၄၀ ကျော်အရွယ် အရပ်သားတစ်ဦးကတော့ သေဆုံးသွားတယ်လို့ RFA ကို အတည်ပြုပြောပါတယ်။

ဒဏ်ရာရသူတွေကို ဘားအံဆေးရုံကြီးရဲ့ အတွင်းလူနာဆောင်ကိုပို့ပြီး ဆေးဝါးကုသ ပေးနေတယ်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်က RFA ကို ပြောပါတယ်။

"ဟုတ်ပါတယ်၊ ဒီမနက် ၆ နာရီ ၄၈ မိနစ်က ပေါက်ကွဲမှုဖြစ်တာပါ။ ပေါက်ကွဲမှုကြောင့် ဂိတ်မှာလုံခြုံရေးယူပေးနေတဲ့ အဖွဲ့ဝင် ၁၀ ဦး ထိခိုက်ပြီးတော့ အရပ်သား ပြည်သူသုံးဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့ရာမှာ လမ်းမှာပဲ အရပ်သား အမျိုးသားတစ်ဦးကတော့ ဆုံးသွားပါပြီ။ ဗုံးက ဘာအမျိုးအစားလဲ ဆိုတာကတော့ မပြောနိုင်သေးပါဘူး"

ပေါက်ကွဲမှုဖြစ်တဲ့နေရာကို လုံခြုံရေးအထပ်ထပ်ချထားပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ဖို့ရှိတာကြောင့် အဲဒီတံတားကိုတော့ ဖြတ်သန်းသွားလာခွင့် လတ်တလော ပိတ်ထားတယ်လို့လည်း သူက ဆိုပါတယ်။

ဒဏ်ရာရသူတွေနဲ့ သေဆုံသွားသူရဲ့ အချက်အလက်တွေကိုတော့ လုံခြုံရေးအခြေအနေအရ အတိအကျ မပြောနိုင်သေးဘူးလို့ ဦးစောခင်မောင်မြင့်က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း ဘားအံမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘားအံမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဘားအံဈေး အပါအဝင် လူစည်ကားတဲ့နေရာတွေအကုန် လုံခြုံရေးကင်းလည့် ကားတွေနဲ့ ပတ်နေပါတယ်။ တွေ့သမျှ၊ မြင်သမျှ လူတွေကိုလည်း ခေါ်စစ်နေတယ်။ အခြေအနေကတော့ တိုက်ပွဲတွေ ပြင်းထန်လာမလားဆိုပြီး ဒေသခံတွေကတော့ စိုးရိမ်နေကြပါတယ်။ ဗုံးကတော့ ပေါက်ကွဲအား ဘယ်လောက်ပြင်းသလဲဆို ဘားအံတစ်မြို့လုံး ကြားရတယ်။ ဘာအမျိုးအစားလဲဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး"

အဲဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဒေသအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေဘက်က သတင်းထုတ်ပြန်တာမျိုး နေ့လယ်ပိုင်းအထိ မတွေ့ရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်အမျိုးအစည်းအရုံး (KNU) ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေ တစ်နိုင်ငံလုံးမှာ တိုက်ပွဲပေါင်း ၉၃၄၇ ထက်မနည်းဖြစ်ခဲ့ပြီး ကရင်ပြည်နယ်အတွင်းမှာတင် အကြိမ်ရေ ငါးထောင်ကျော်ခဲ့တယ်လို့ မြန်မာမဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ မေလ စစ်တမ်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။