မြန်မာ့တပ်မတော် အရာရှိကြီးတွေကို ဗြိတိန်က စစ်သင်တန်းပေးတော့မည်
2013.12.25

မြန်မာ့တပ်မတော်က ထိပ်တန်းအရာရှိတွေကို စစ်ရေးလေ့ကျင့်မှုတွေပေးဖို့အတွက် ဗြိတိန်စစ်အရာရှိ ကိုယ်စားလှယ်အဖွဲ့ မကြာခင်ရက်ပိုင်းမှာ မြန်မာနိုင်ငံ ကို သွားရောက်မယ်လို့ ဗြိတိန်အစိုးရက အတည်ပြု ပြောကြားလိုက်ပါတယ်။
ဗြိတိန်စစ်တက္ကသိုလ်တွေက စစ်ဖက်နဲ့ အရပ်ဖက် အရာရှိတွေပါဝင်တဲ့အဖွဲ့ဟာ မြန်မာတပ်က ထိပ်တန်းစစ်ဖက်နဲ့ အရပ်ဖက်အရာရှိ ၃၀ ကို စစ်မဟာဗျူဟာ သင်တန်းတစ်ခုပို့ချဖို့ ဇန်နဝါရီလထဲမှာ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ဗြိတိန်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။
“ကျယ်ပြန့်တဲ့ လုံခြုံရေးရှုထောင့် ကနေ နိုင်ငံ့ကာကွယ်ရေးကို စီမံခန့်ခွဲခြင်း” လို့ အမည်ပေးထားတဲ့ ဒီသင်တန်းကို ဗြိတိန် Cranefield တက္ကသိုလ် ကာကွယ်ရေးသင်တန်းဌာနနဲ့ ပူးပေါင်းပြီး စီစဉ်ထားတယ်လို့ ဗြိတိန်အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။
မြန်မာ့တပ်မတော်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ရှိနေဆဲဖြစ်တဲ့အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ မြန်မာ့တပ်မတော်က ပါဝင်အားပေးရေး အားပေးဖို့အတွက် ဒီပညာရေးအစီစဉ်တွေကို လုပ်ဆောင်တာဖြစ်တယ်လို့ ဗြိတိန်အစိုးရ တပ်မတော်ရေးရာဝန်ကြီး Mark Francois က ပြောပါတယ်။
ဗြိတိန်ဆင်းဟတ် စစ်တက္ကသိုလ်ကို မကြာခင်က လာရောက်လည်ပတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအစီအစဉ်ကို ထောက်ခံအားပေးထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် လူ့အခွင့်ရေး ချိုးဖောက်မှုတွေနဲ့ နာမည်ဆိုးထွက်ထားတဲ့ မြန်မာစစ်တပ်ကို အကူညီပေးတာနဲ့ ပတ်သက်လို့ ဗြိတိန်ပါလီမန်မှာ အတိုက်အခံ လွှတ်တော်အမတ်တချို့က မနေ့က ဝေဖန်ခဲ့ပါတယ်။