မြန်မာနိုင်ငံ ငှက်ဖျားတိုက်ဖျက်ရေး ဗြိတိန် ကူညီဆောင်ရွက်မည်

မြန်မာနိုင်ငံက ဆေးမတိုးတဲ့ ငှက်ဖျားရောဂါဟာ ကမ္ဘာ့တခြားနေရာတွေကို ကူးစက် ပြန့်ပွားသွားနိုင်တဲ့ အလားအလာတွေ ရှိနေတဲ့အတွက် အဲဒီ မြန်မာ့ ငှက်ဖျားနှိမ်နင်းရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ပံ့ပိုးကူညီမှုတွေ တိုးမြှင့်ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

2011.04.27
malaria-child-620.jpg နေမကောင်းဖြစ်နေတဲ့ ကလေးငယ်ကို ထွေးပွေ့ထားတဲ့ အမျိုးသမီးတဦးကို တွေ့ရစဉ်
(Photo: AFP)

ဒီနှစ်အတွက် မြန်မာပြည်က လူတသန်းကျော်ကို ကူညီနိုင်ဖို့ ဗြိတိန်နိုင်ငံနဲ့ တခြားအလှူရှင်တွေက အလှူငွေ တိုးမြှင့် ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ငှက်ဖျားလူနာပေါင်း ၁၆၆,၀၀၀ ကို မှန်ကန်တဲ့ ရောဂါသတ်မှတ်ချက် နဲ့ ကုသချက် ပေးနိုင်အောင် ကျန်မားရေးလုပ်သားနဲ့ ရပ်ရွာ စေတနာ့ဝန်ထမ်း နှစ်ထောင်ကျော်ကို လေ့ကျင့် သင်တန်းပေးရေး လုပ်ငန်း၊ ရေရှည်ခံ ဆေးစိမ်ခြင်ထောင်ပေါင်း သုံးသိန်းခွဲ ဝေငှဖို့နဲ့ ဝေငှပြီး ခြင်ထောင်ဟောင်း လေးသိန်းခွဲကို ဆေးပြန်စိမ်ပေးရေး လုပ်ငန်း၊ ငှက်ဖျားဆေးမတိုးတော့ပဲ ယဉ်ပါးသွားနိုင်ခြေရှိတဲ့ နေရာတွေမှာ ငှက်ဖျားအကြောင်း ပညာပေးရေးလုပ်ငန်း စတဲ့ လုပ်ငန်းအစီအစဉ်တွေ ပါဝင်ပါတယ်။

အခုအခါ ဆေးမတိုးတဲ့ ငှက်ဖျားရောဂါ ခေါင်းထောင်လာတာကြောင့် အာရှနဲ့ အာဖရိကက သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် အန္တရာယ် ရှိနေပါတယ်။

ဆေးယဉ်နေတဲ့ငှက်ဖျားရောဂါကို ၂၀၀၂ ခုနှစ်က ကမ္ဘောဒီးယား မှာ ပထမဦးဆုံး စတင်တွေ့ရှိခဲ့ပြီး ၂၀၀၉ ခုနှစ် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ဆေးယဉ်ငှက်ဖျား တိုက်ဖျက်ရေးလုပ်ငန်း စတင်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာလည်း ငှက်ဖျား ရောဂါ ဆေးယဉ်မှု ရှိမရှိ ပုံမှန်စောင့်ကြည့်ရမဲ့ နေရာတခု ဖြစ်လာပါတယ်။ နောက်ဆုံး တွေ့ရှိချက်တွေအရ ထိုင်း-မြန်မာနယ်စပ် နေရာအတော်များများမှာ ဆေးမတိုးတဲ့ ငှက်ဖျားပိုးတွေက ရှိနေရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။