အလုပ်ပွဲစားက အဓမ္မစစ်သားစုဆောင်းမှု ILO ကို တိုင်ကြား

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ရပ်ကွက်အမှတ် ၁၄၀ နေ ဒေါ်မိုးရီရဲ့ သား ကိုခန့်ချောကို အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခဲ့တဲ့အတွက် မိသားစုက ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့မှာ ILO ကို တိုင်ကြားလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

2010.12.21
army_hat_305_z မြန်မာ စစ်အစိုးရ၏ တပ်မတော်တံဆိပ်ကို စစ်ဦးထုပ်တွင် တပ်ဆင်ထားပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ဒီဇင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်တိုင်း ဒဂုံတောင်ပိုင်း ရွာသာကြီးနေ လူပွဲစား ဦးအောင်ဝင်းက ဒေါ်မိုးရီရဲ့ သား ကိုခန့်ချောကို ရဲမွန်တပ်ရင်းက ဗိုလ်မှူး သီဟဟန် အိမ်မှာ အလုပ်လုပ်ရမယ်ဆိုကာ ခေါ်ဆောင်သွား ခဲ့ကြောင်း၊ အဲဒီနောက် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကိုခန့်ချောကို ဒညင်းကုန်း စစ်သားစုဆောင်းရေးကို ပို့ခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်မိုးရီက အခုလို ပြောပြပါတယ်။

“သူက ခေါ်သွားတုန်းကတော့ ဗိုလ်မှူးတိုက်ခန်းမှာ တောက်တိုမယ်ရ လုပ်ရမယ်လို့ ပြောတယ်။ ဗိုလ်မှူး သွားတဲ့နောက်ကို လိုက်ရမယ်လို့ ပြောခေါ်တာ။ ခေါ်သွားပြီးတော့ သူက စုဆောင်းရေးထဲမှာ ပို့လိုက်တာ။ ဒညင်းကုန်း စုဆောင်းရေးပဲ။”

လူပွဲစား ဦးအောင်ဝင်းက ကိုခန့်ချောကို ခေါ်ဆောင်သွားတဲ့နေ့က ဒေါ်မိုးရီ ကိုယ်တိုင် ဗိုလ်မှူးသီဟဟန် ရဲ့ နေအိမ်ကို လိုက်ပါသွားခဲ့ရာမှာ ကိုခန့်ချောကို ခေါ်လာတဲ့အတွက် ဦးအောင်ဝင်းကို ဗိုလ်မှူးသီဟဟန်က ကျပ်ငွေ တသိန်းပေးခဲ့ပါတယ်။ အဲဒီနောက် ဦးအောင်ဝင်းက ဒေါ်မိုးရီကို ကြိုတင်လစာဆိုကာ ကျပ်ငွေ ၅ သောင်း ပေးခဲ့ပါတယ်။ ဒီဇင်လာ ၁၅ ရက်နေ့မှာ ကိုခန့်ချောက စစ်ထဲ မဝင်လိုတဲ့အတွက် ထွက်ပြေးပြီး မိခင်ထံ ပြန်လာခဲ့ပါတယ်။

နောက်နေ့မှာ ဗိုလ်မှူးသီဟဟန်၊ အလုပ်ပွဲစား ဦးအောင်ဝင်းနဲ့ ဇနီး၊ ဆယ်အိမ်ခေါင်းနဲ့ ရဲ့တပ်ဖွဲ့ဝင်တဦးတို့ ရောက်လာပြီး ကိုခန့်ချောကို ရှာဖွေခဲ့ပါတယ်။ မတွေ့တဲ့အတွက် မိခင်ဖြစ်သူ ဒေါ်မိုးရီကို ဦးအောင်ဝင်းနဲ့ ဇနီးဖြစ်သူက ကန်ကျောက် ရိုက်နှက်ခဲ့ပါတယ်။ အဲဒီနောက် ဒေါ်မိုးကို ရယက ဥက္ကဋ္ဌ ဦးအောင်ကျော်သူ အိမ်ကို ခေါ်ဆောင်သွားခဲ့ပြီး ကိုခန့်ချောကို ပြန်ရှာပေးဖို့ ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း သိရပါတယ်။ ပြန်ရှာမပေးပါက ဒေါ်မိုးရီတို့ကို ရပ်ကွက်အတွင်း နေထိုင်ခွင့်မပေးဘူးလို့ ခြိမ်းခြောက်ခဲ့ကြောင်း ပြောပါတယ်၊

ဒီအမှုကိစ္စကို ဒီကနေ့ နေ့လည်ပိုင်းက အတင်းအဓမ္မ စစ်သားစုဆောင်းမှု။ လူကုန်ကူးမှုတွေ စတဲ့ ကိစ္စရပ်တွေနဲ့ အိုင်အယ်အိုရုံးမှာ တိုင် ကြားခဲ့ပါတယ်။ ဒေါ်မိုးရီရဲ့ မေတ္တာရပ်ခံချက်အရ စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်ဝေက လိုက်လံ ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒေါ်မိုးရီရဲ သား ကိုခန့်ချောကို ၁၇ ရက်နေ့က ရပ်ကွက် ဆယ်အိမ်ခေါင်းနဲ့ ရဲတပ်ဖွဲ့ဝင်တဦးက အိမ်မှာ လာရောက် ခေါ်ဆောင်သွားပြီး အခုအခါ ဘယ်မှာ ရောက်နေတယ်ဆိုတာ မိခင်အနေနဲ့ မသိရသေးကြောင်း၊ ဒညင်းကုန်း စစ်သားစုဆောင်းရေးကို ပြန်လည် ပို့ဆောင်မယ်လို့ ယူဆရကြောင်း မိခင် ဒေါ်မိုးရီက ပြောဆိုခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါ်မိုးရီနဲ့ RFA ဝိုင်းတော်သား ကိုဇော်မိုးကျော် ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။