မြန်မာသတင်းသမားတွေကို ကူညီပေးမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရပြော
2024.11.02

မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ချိုးဖောက်မှုမှန်သမျှ အားလုံးရှုတ်ချပြီး သတင်းသမားတွေကို ဆက်လက်ကူညီပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက နို၀င်ဘာ ၂ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။
ဗြိတိန်အစိုးရအနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်၊ ကန့်သတ်ချုပ်ချယ်သူတွေကို အရေးယူဆောင်ရွက်ရမယ်လို့ ယုံကြည်ပြီး မြန်မာနဲ့ ကမ္ဘာတစ်ဝန်းက သတင်းသမားတွေ၊ လူ့အခွင့်အရေးကို ကာကွယ်သူတွေကို ဘေးကင်းလုံခြုံစေရေး အကူအညီတွေကို ဆက်လက် ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေအတွက် အမှန်တရားနဲ့ အရေးပါတဲ့ သတင်းအချက်အလက်တွေကို ဖော်ထုတ်ရေးသားပေးဖို့ မတရားဖမ်းဆီးတာ၊ တရားစွဲဆိုတာနဲ့ အစွန်းရောက်အကြမ်းဖက်တာ စတဲ့ အန္တရာယ်တွေကို ပဓာနမထားပဲ ရဲဝံ့စွာလုပ်ဆောင်နေတဲ့ မြန်မာသတင်းသမားတွေအားလုံးကို ဗြိတိန်အစိုးအနေနဲ့ အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း သတင်းသမားတွေ ဖမ်းဆီး သတ်ဖြတ် ထောင်ချခံရတာတွေရှိခဲ့သလို ကျူးလွန်တဲ့သူတွေကို အရေးယူတာမရှိတဲ့အတွက် ၂၀၂၄ ခုနှစ်အတွက် အဆိုးဆုံးဖြစ်တဲ့ အဆင့် ၁၀ မှာရှိတယ်လို့ CPJ သတင်းသမားများကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၆၄ ဦးရှိပြီး စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း သတ်ဖြတ်ခံရတဲ့ သတင်းသမားခုနစ်ဦး ရှိတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၂ ရက်နေ့ဟာ သတင်းသမားတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ အရေးယူမခံရဘဲ ကင်းလွတ်နေတာ အဆုံးသတ်ဖို့ နှိုးဆော်တဲ့နေ့ (International Day to End Impunity for Crimes Against Journalists) အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။