“ဝ” ဒေသ မြို့နယ် လေးခုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ကြောင်း UWSA ပြော


2020.07.31
pansang-622.jpeg ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသက ပန်ဆန်းမြို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

"ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ထိန်းချုပ်ရာ ဒေသက မြို့နယ် လေးခုမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်တော့ဘူးလို့ UWSA ရဲ့ လားရှိုးအခြေစိုက်ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ဒီနေ့ ဇူလိုင် ၃၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။

UWSA ထိန်းချုပ်ရာဒေသတွေ ဖြစ်တဲ့ ပန်ဆန်း(ပန်ခမ်း)၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း စတဲ့ လေးမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်တော့ဘဲ ကျန်တဲ့ နှစ်မြို့နယ်မှာတော့ ကျင်းပမှာဖြစ်တယ်လို့ ဦးညီရမ်း က ပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် ရွေးကောက်ပွဲအချိန်နီးကပ်ပြီး လုပ်ငန်းစဉ်တွေလည်း မပြတ်သေးတဲ့အတွက် ၂၀၂၀ ရွေး ကောက်ပွဲကို မကျင်းပတော့ဘဲ နောက်လာမယ့် ရွေးကောက်ပွဲတွေကို ကျင်းပနိုင်အောင် ဆွေးနွေးသွားမယ်လို့ သူက ဆက်ပြောပါတယ်။

"ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က "ဝ" ပြည်နယ် ပန်ခမ်းမှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲကို UWSP ဘက်က ဒု ဥက္ကဋ္ဌ ဦးရှောက်မင်လျံ၊ ဒုစစ်သေနာပတိချုပ် ဦးကျောက်ကျုံးတန်း၊ ဒုအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရိ၊ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်း တို့ တက်ရောက်ခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ "ဝ"  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မြို့နယ် ခြောက်ခုရှိပါတယ်။

အဲဒီထဲက ပြည်ထောင်စုအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မက်မန်းနဲ့ ဟိုပန်မြို့နယ်တွေမှာတော့ ၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေကို ကျင်းပခဲ့ပြီး ၂၀၂၀ မှာလည်း ကျင်းပနိုင်မယ်လို့ ဦးညီရမ်းက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ တရားဝင် ကြေညာတာမရှိသေးပါဘူး။

လက်ရှိ တည်ဆဲနိုင်ငံရေးပါတီတွေထဲမှာ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့မှာ “ဝ” အမျိုးသားပါတီလည်း ပါဝင်ပါတယ်။ အဲဒီပါတီဟာ "ဝ" အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ၊ "ဝ" ဒီမိုကရက်တစ်ပါတီ၊ "ဝ" လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်းထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။