ဘဏ်တွေမှာ အနည်းဆုံးထားရမယ့် ငွေလိုအပ်ချက်အချိုး ဗဟိုဘဏ် တိုးမြှင့်
2024.05.01
ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်နိုင်ဖို့ ဘဏ်တွေမှာ ကျပ်ငွေနဲ့ထားရမယ့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်အချိုးကို ၃ ဒသမ ၅ ရာခိုင်နှုန်းကနေ ၃ ဒသမ ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကြောင်း ဗဟိုဘဏ်က ဧပြီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ငွေကြေးလှည့်လည်သုံးစွဲမှု မြင့်တာလာတာနဲ့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာတာကိုထိန်းချုပ်ဖို့ ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့ကစပြီး ဘဏ်တွေမှာ အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်အချိုးကို သုည ဒသမ ၂၅ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံပိုင်ဘဏ်တွေ၊ ပုဂ္ဂလိဘဏ်တွေနဲ့ နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်အားလုံး ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေ သုံးရာခိုင်နှုန်းနဲ့ ဘဏ်လက်ရှိငွေသား သုည ဒသမ ၇၅ ရာခိုင်နှုန်း ထားကြရမှာဖြစ်ပါတယ်။
ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေဟာ ငွေကြေးဖောင်းပွမှုကို လျော့ကျစေမှာမဟုတ်ဘူးလို့ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက RFA ကို ပြောပါတယ်။
“၂၀၂၂ နဲ့ ၂၀၂၃ မှာလည်း သူတို့ (ဗဟိုဘဏ်) က ဒီလိုပဲ ဘဏ်တွေမှာ အနည်းဆုံးထားရမယ့် ငွေလိုအပ်ချက်အချိုးဆိုပြီး နှစ်စဥ် ထုတ်ပြန်လာခဲ့တာပဲလေ။ ပိုပြီးတောင် ဖောင်းပွလာခဲ့တယ်။ သူတို့အုပ်ချုပ်လာတဲ့ သုံးနှစ်အတွင်းမှာ ဘယ်လောက် ဖောင်းပွသွားသလဲ။ တစ်ဒေါ်လာ ၁၃၀၀ လောက်ကနေ အခု လေးထောင်းနား ကပ်နေပြီ။ ဒါကြောင့် အခုထုတ်ပြန်ချက်ကလည်း ဘာမှမထူးနိုင်ပါဘူး”
ဒါ့အပြင် ဘဏ်တွေရဲ့ ငွေကြေးလွယ်ကူမှုကို ပိုအထောက်အကူပြုဖို့နဲ့ ဘဏ်တွေ အတိုးဝင်ငွေ ပိုရရှိဖို့ဆိုပြီး ပျမ်းမျှ ပိုလျှံသီးသန့်ငွေ (Average Excess Reserve) အတွက်ပေးမယ့် အတိုးနှုန်းကို လက်ရှိ ၃ ဒသမ ၆ ရာခိုင်နှုန်းကနေ ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးလိုက်တယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဒီလိုပေးရာမှာ ပျမ်းမျှ ပိုလျှံသီးသန့်ငွေပမာဏ အနည်းဆုံး ကျပ် ခုနစ်ဘီလျံအထက် ရှိတဲ့ဘဏ်တွေကိုသာ အတိုးပေးသွားမှာဖြစ်ပြီး အများဆုံး ပျမ်းမျှ ပိုလျှံသီးသန့် ငွေပမာဏကိုလည်း ကျပ် ငါးဆယ်ဘီလျံအထိသာ ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘဏ်တွေဟာ ထိန်းသိမ်းမှုကာလ နောက်ဆုံးရက်မှာ ဗဟိုဘဏ်ရှိ ပျမ်းမျှစာရင်းရှင်အပ်ငွေ (Average CAB) နဲ့ ပျမ်းမျှ လက်ဝယ်ရှိငွေသား (Average Cash at Bank) တို့အရ သတ်မှတ်ရာခိုင်နှုန်း ပြည့်မီရမှာဖြစ်ပြီး မပြည့်မီရင် ဗဟိုဘဏ် ဒဏ်ကြေးဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁၂ /၂၀၁၆) နဲ့ ဒဏ်ကြေး ပေးဆောင်ရမယ်လို့ ဆိုပါတယ်။