မြစ်ဆုံစီမံကိန်းကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်ကြောင်း ကာဒီနယ် ချားစ်ဘို ပြော


2019.01.31
myitsone-622.jpg ဧရာဝတီ မြစ်ဆုံဒေသကို တွေ့ရစဉ်
Photo: Zarni Htun/RFA

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းပြန်စဖို့ တရုတ်ရဲ့အားထုတ်မှုတွေဟာ ဒေသခံပြည်သူတွေအတွက် သေမိန့်ချလိုက်ရာရောက်ပြီး၊ နိုင်ငံ့ငြိမ်းချမ်းရေး အလားအလာတွေလည်း ပျက်စီးသွားနိုင်ကြောင်း မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်ရဲ့ ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားစ်ဘို က ပြောဆိုလိုက်ပါတယ်။

ဧရာဝတီမြစ်ဟာ မြန်မာပြည်သူတွေအတွက် မြစ်တမြစ်မျှသာ မကပါ၊ အရောင်းအဝယ် ဖလှယ်စရာ ကုန်ပစ္စည်း တစ်ခုမဟုတ်၊ ဧရာဝတီရဲ့သမိုင်းဟာ မြန်မာ့သမိုင်းနဲ့ ရောယှက်နေတာပါလို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ပြင် မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်စတင်ဖို့ ထောက်ခံနေသူတွေဟာ ကိုယ့်မိဘကို ရောင်းစားသူတွေအဖြစ်၊ ရာဇဝင်မှာစာတင်ခံကြရမှာဖြစ်ပြီး၊ သမိုင်းက ခွင့်လွှတ်လိမ့်မယ် မဟုတ်ဘူးလို့လည်း ကာဒီနယ် ချားစ်ဘို က သတိပေး ပြောကြားခဲ့ပါတယ်။

KDP ကချင် ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးကွမ်ဂေါင် အောင်ခမ်းကလည်း ဧရာဝတီမြစ်ဟာ ကချင်ပြည်သူ လူထုအတွက်သာမက မြန်မာတစ်နိုင်ငံလုံးအတွက် အရေးပါတဲ့အတွက် ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း အရွယ်အစား ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လုံးဝလက်မခံနိုင်တဲ့အကြောင်း ပြောပါတယ်။

ရေကာတာအရွယ်အစားကို လျှော့ချမလား၊ နေရာကိုရွှေ့မလား၊  တရုတ်ကုမ္ပဏီကို တခြား စီမံကိန်းတစ်ခုနဲ့ အစားထိုးပေးမလား စတဲ့ ရွေးချယ်စရာတွေရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး  ဦးသောင်းထွန်း နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတဲ့အပေါ် KDP  ဥက္ကဋ္ဌက တုံ့ပြန်လိုက်တာပါ။

ဧရာဝတီမြစ်ဆုံရေကာတာကို  အကောင်အထည်ဖော်နေတဲ့ တရုတ် ACHC  ဧရာဝတီ မြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ကုမ္ပဏီလိမိတက်ဟာ ဒေသခံတွေကို အထောက်အပံ့တွေပေးပြီး စီမံကိန်း အကောင်အထည် ဖော်နိုင်ဖို့ စည်းရုံးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။