AA ကို ပလက်ဝက ဖယ်ပေးဖို့ ချင်းပါတီ တောင်းဆို
2020.01.01

ရက္ခိုင်တပ်တော် AA နဲ့ တပ်မတော်တိုက်ပွဲတွေကြောင့် ချင်းတိုင်းရင်းသားတွေ သေဆုံးတာတွေ စစ်ဘေး ဒုက္ခသည်အဖြစ် ထွက်ပြေးနေရတာတွေရှိနေတာကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေ AA အခြေစိုက် စခန်းတွေ ဖယ်ရှားပေးဖို့နဲ့ ငြိမ်းချမ်းရေးစကားဝိုင်းပေါ်ကို အမြန်ဆုံးသွားဖို့ ချင်းတိုင်းရင်းသားများပါတီက တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာရှိတဲ့ ချင်းတိုင်းရင်းသားတွေဟာ AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ၁၀ ယောက် နီးပါးသေဆုံးကာ ၁၅ ဦး ပျောက်ဆုံးနေကြောင်း ချင်းတိုင်းရင်းသားများပါတီက ဒီဇင်ဘာလ ၃၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ချင်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည် ငါးထောင်ကျော်အထိရှိနေတယ် လို့လည်း ဆိုပါတယ်။
ပလက်ဝမှာရှိတဲ့ ချင်းတိုင်းရင်းသားတွေအပြင် ရခိုင်ပြည်နယ်မှာရှိတဲ့ ချင်းတွေဟာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးစတဲ့ လူ့အခွင့်အရေးဆုံးရှုံးတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါကြောင့် ပလက်ဝမှာရှိတဲ့ AA အဖွဲ့ အခြေစိုက်စခန်းတွေကို ဖယ်ရှားပေးဖို့ ထုတ်ပြန်တောင်းဆိုတာလို့ ချင်းတိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဆလိုင်းအေးထွန်းမင်းက ပြောပါတယ်။
“ပလက်ဝမှာ AA လက်နက်ကိုင်အဖွဲ့ တပ်စွဲထားတာ ဘယ်ချင်းလူမျိုးမှ လက်မခံဘူး၊ အရင်ကတည်းကလည်း ထုတ်ပြန်ပြီးပြီ၊ ပလက်ဝမြို့နယ်က ချင်းပြည်နယ်ထဲမှာပါတဲ့မြို့နယ်လေ၊ အဲကြောင်မို့ ပလက်ဝမှာရှိတဲ့ တပ်စခန်း တွေ ဖယ်ရှားပေးဖို့ပေါ့နော်၊ အဲလိုဖယ်ရှားပေးမှလည်း နောက်နောင်မှာ စစ်ပွဲတွေ၊ စစ်ဘေးသင့်တွေအတွက် စိတ်ချရမှာလေ”
ပလက်ဝမြို့နယ်က ချင်းအမတ် ဦးဝှေ့တင် ကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ အပါအဝင် ချင်းတိုင်းရင်းသား စစ်ဘေး ဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့အနေနဲ့ AA အဖွဲ့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့အဖွဲ့တွေက ငြိမ်းချမ်းရေး စကားဝိုင်းပေါ် အမြန်ဆုံးခေါ်ဆောင်ပေးဖို့ ချင်းတိုင်းရင်းသားများပါတီက တောင်းဆိုထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ချင်းတိုင်းရင်းသားပါတီ တောင်းဆိုချက်ထဲမှာ မြေပြင် အခြေအနေအရ ငြိမ်းချမ်းရေးစကားဝိုင်းကို သွားဖို့ဆိုတာသာဖြစ်နိုင်ပြီး ကျန်တဲ့အချက်တွေကတော့ ဖြစ်နိုင်ချေမရှိဘူးလို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ ချင်းတိုင်းရင်းသားတွေရှိသလို ပလက်ဝမှာလည်း ရခိုင်တွေရှိတာကြောင့် AA အဖွဲ့ကို ထွက်သွားခိုင်းတာ မဖြစ်နိုင်ဘူးလို့ ဦးမောင်မောင်စိုး က ပြောပါတယ်။
“စစ်ဘက်ဆိုင်ရာ အခြေခံစခန်းရှိတဲ့နေရာကို ထွက်ပေးပါဆို ဘယ်လက်နက်ကိုင်မှ ထွက်ပေးမှာ မဟုတ်ဘူး၊ နောက်တခုက AA ဟာ ပလက်ဝမှာ ချင်းတွေရှိသလို ရခိုင်တွေလည်းရှိနေတယ်လေ၊ ရခိုင်ပြည်နယ်ထဲမှာလည်း ချင်းလူမျိုးက တစ်သိန်းလောက်ရှိတာကို၊ ရခိုင်ပြည်နယ်ထဲမှာ ချင်းတွေ ထွက်ပေးပါဆို ချင်းတွေ ထွက်ပေးကြ ပါ့မလား၊ အဲတော့ ပလက်ဝမှာရှိတဲ့ ရခိုင်တွေ ထွက်ပေးပါဆို ဘယ်ထွက်ပေးပါ့မလဲ၊ ပြဿနာက အဲတာ မဟုတ်ပါဘူး၊ ပြဿနာဖြစ်နေတာက တိုက်ပွဲဖြစ်နေသူတွေကြားထဲမှာ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ အဓိကကျပါတယ်”
ပလက်ဝအခြေစိုက် ခူးမီးချင်းတိုင်းရင်းသားမျိုးနွယ်ရေးရာ ပေါင်းစပ်ညှိနှိုင်းကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်း ကလည်း ပလက်ဝဟာ ချင်းပြည်နယ်ဖြစ်တာကြောင့် AA အနေနဲ့ ရခိုင်ပြည်နယ်မှာပဲ ရှိသင့်တယ်လို့ ပြောပါတယ်။
"ပလက်ဝက ချင်းပြည်နယ်လေ၊ ချင်းပြည်နယ်မှာမနေဘဲနဲ့ သူတို့ရခိုင်ပြည်နယ်နေရင် ပိုကောင်းတာပေါ့၊ ကျနော် တို့ ပလက်ဝ လာနေရင် ပြည်နယ်နဲ့တိုင်းလည်းတခြားစီ၊ ရခိုင်ပြည်နယ်လည်း မဟုတ်ဘူး၊ ပလက်ဝကဒေသခံက အင်မတန်စိုးရိမ်မှုဖြစ်တာပေါ့ဗျာ၊ ဒါကြောင့်မို ကျနော်တို့က သူတို့ရခိုင်ဆိုလို့ရှိရင် ရခိုင်ပြည်နယ်ထဲမှာပဲနေပါ ဆိုတဲ့သဘောပါ”
ချင်းတိုင်းရင်းသားတွေအနေနဲ့ ဦးဝှေ့တင်ကို ပြန်လွှတ်ဖို့ တောင်းဆိုသလို တပ်မတော်နဲ့ အစိုးရက ဖမ်းဆီးတရားစွဲ ထားသူတွေကို ပြန်လွှတ်ဖို့လည်း တောင်းဆိုသင့်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
AA အဖွဲ့ကို ချင်းပြည်နယ်ကနေ ထွက်သွားဖို့တောင်းဆိုတာနဲ့ ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကတော့ တပ်မတော်ကိုလည်း ပလက်ဝကနေ ထွက်သွားဖို့ ပြောသင့်တယ်လို့ ပြောပါတယ်။
“ပလက်ဝက ဆုတ်ပေးပါဆိုရင် အဲဒီတောင်းဆိုတဲ့သူတွေက မြန်မာစစ်တပ်ကော ပလက်ဝကနေ ထွက်ပေးလို့ တောင်းဆိုရဲလား ဆိုတဲ့မေးခွန်းလည်း ကျနော်တို့ဘက်က မေးစရာရှိတယ်၊ အဲဒီမြန်မာစစ်တပ်က ကျနော်တို့ ရခိုင်တွေ အပါအဝင် တိုင်းရင်းသားနေရာတွေကို မတရားသိမ်းပိုက်အုပ်ချုပ်နေတာ၊ မြန်မာစစ်တပ်ကို တိုင်းရင်း သားနယ်မြေတွေကနေ ဆုတ်ပေးဖို့ပြောရမှာ၊ မြန်မာစစ်တပ်သာ တိုင်းရင်းသားနယ်မြေက ဆုတ်သွားရင် ဘာတိုက်ပွဲမှ ဖြစ်စရာအကြောင်း မရှိတော့ဘူး”
AA အဖွဲ့ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူတွေကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ခူးမီးချင်းတိုင်းရင်းသား မျိုးနွယ်ရေးရာပေါင်းစပ်ညှိနှိုင်းကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းကတော့ ချင်းပြည်နယ် ပလက်ဝမှာ AA တပ်ဖွဲ့တွေရှိနေတာကြောင့် တပ်မတော်က တပ်မတွေ လာရောက်ချထားရာမှာ တိုက်ပွဲတွေ ဖြစ်နေတာဖြစ်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့မှမရှိရင် အကောင်းဆုံးလို့ ပြောပါတယ်။
ချင်းတိုင်းရင်းသားတွေဟာ AA နဲ့ တပ်မတော်တိုက်ပွဲတွေကြောင့် အမ်း၊ မြေပုံ၊ ရသေ့တောင် စတဲ့မြို့နယ်တွေက ကျေးရွာတွေမှာ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ပလက်ဝမြို့နယ်မှာ ချင်းတိုင်းရင်းသား တစ်သိန်း တစ်သောင်းကျော်နေထိုင်နေပြီး အဲဒီထဲက ခြောက်သောင်း ကျော်ဟာ စစ်ဘေးဒဏ်ခံစားနေရပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားရာဒေသမှာ နေထိုင်သူတွေ စားဝတ်နေရေးနဲ့ ကလေးငယ်တွေ ပညာသင်ကြားရေးအတွက် အခက်အခဲတွေလည်း ရှိနေပါတယ်။
အလားတူ ရခိုင်ပြည်နယ်အတွင်းမှာလည်း တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်အထိရှိနေပြီ ဖြစ်ပါကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။