တရုတ်အစိုးရပိုင် ကုမ္ပဏီက ရေကာတာ အကျိုးကျေးဇူးတွေကို ဟောပြောတာတွေရှိ


2018.09.13
myitsone-622.jpg ကချင်ပြည်နယ်က မေခနဲ့ မလိခဆုံတဲ့ ဧရာဝတီမြစ်ဆုံကို တွေ့ရစဉ်
Photo: RFA

မြစ်ဆုံရေကာတာ စီမံကိန်းကို ဆောင်ရွက်ဖို့ တရုတ်အစိုးရပိုင် စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း SPIC ကုမ္ပဏီက ရေကာတွေရဲ့ အကျိုးကျေးဇူးနဲ့ ပတ်သက်ပြီး မြစ်ဆုံအနီးက ကျေးရွာတွေကို လာရောက်ဟောပြောခဲ့ တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးရုံးမှာ စက်တင်ဘာလ ၁၁ ရက်နေ့က လာရောက်ဟောပြောခဲ့တာဖြစ်တယ်လို့ အာလမ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမုံရာ က RFA ကို ပြောပါတယ်။

"သူတို့က အဓိကကတော့ ရေကာတာအကြောင်းပဲပြောတယ်၊ ရေကာတာ အကြောင်းပေါ့နော်၊ သူတို့က ဆောက်မယ်၊ မဆောက်မယ် အဲဒါပြောတာ မဟုတ်ဘူး၊ ရေကာတာနဲ့ ပတ်သက်တဲ့ဟာ နိုင်ငံတကာမှာလုပ်နေတဲ့ ရေကာတာတွေ၊ ရေကာတာဆိုတာ အရမ်းကြီးခက်ခက်ခဲခဲ မဟုတ်ဘူးပေါ့ဗျာ၊ ရေကာတာဆောက်ပြီး ရေအား လျှပ်စစ်ထုတ်တယ်ဆိုတာက နိုင်ငံတစ်နိုင်ရဲ့ ဖွံ့ဖြိုးမှုမှာ အများကြီးအကျိုးရှိတယ်ဆိုတဲ့ အကြောင်းပေါ့နော်၊ ဒီအကြောင်းလောက်ပဲ ဆွေးနွေးသွားတာပါ။"

ဟောပြောရာမှာ စကားပြန်တွေ အပါအဝင် တရုတ်ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ ၆ ယောက်လောက်ပါဝင်ပြီး အာလမ်ကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာ ၆ ရွာက ဒေသခံ ၂၀ လောက် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အခုလာရောက် ဟောပြောတဲ့ တရုတ်ကုမ္ပဏီဟာ SPIC ကုမ္ပဏီဟာ မြစ်ဆုံစီမံကိန်း လုပ်ခွင့်ရထားတဲ့ CPI ကုမ္ပဏီကို ပြောင်းလဲဖွဲ့စည်းတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီဖြစ်ပါတယ်။

SPIC ကုမ္ပဏီဟာ မြစ်ဆုံစီမံကိန်းကို ပြန်လုပ်နိုင်ဖို့ ဒေသတွင်း တခြားမြို့နယ်က ကျေးရွာတွေမှာလည်း ရေကာတာနဲ့ ပတ်သက်လို့ လာရောက်ဟောပြောတာတွေ လုပ်ဆောင်နေကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံ ကုန်ကျမယ့် မြစ်ဆုံစီမံကိန်းကို နိုင်ငံအဝှမ်းက ပြည်သူတွေ ကန့်ကွက်ခဲ့ကြတဲ့ အတွက် သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ရပ်ဆိုင်းခဲ့ပါတယ်။ စီမံကိန်းပြီးရင် ထွက်ရှိမယ့် လျှပ်စစ်ဓါတ်အားရဲ့ ၉၀ ရာနှုန်းကို တရုတ်ပြည်က ရရှိမှာဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်မှာကို စိုးရိမ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။