အာဏာသိမ်းစစ်တပ်ကို လုံခြုံရေးကောင်စီက ဒဏ်ခတ်အရေးယူဖို့ တရုတ်ကန့်ကွက်

နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)
2021.03.31
အာဏာသိမ်းစစ်တပ်ကို လုံခြုံရေးကောင်စီက ဒဏ်ခတ်အရေးယူဖို့ တရုတ်ကန့်ကွက် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun။
File Photo/AFP

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တရုတ်နိုင်ငံက မြင်လိုပြီး၊ လုံခြုံရေးကောင်စီကနေ ဒဏ်ခတ်အရေးယူမှုကိုတော့ လက်မခံ ကန့်ကွက်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ တရုတ်သံအမတ်ကြီးက Zhang Jun က တံခါးပိတ်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး အမြန်ဆုံး ပြန်လည် ပေါ်ထွန်းလာဖို့ကိုလည်း မျှော်လင့်ထားတယ်လို့ တရုတ်က ပြောဆိုထားပါတယ်။

ဒီကနေ့ မြန်မာ့အရေးကို အထူး အရေးပေါ်အစည်းအဝေးကျင်းပပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံကနေ တံခါးပိတ်ဆွေးနွေးခဲ့ကြတာပါ။

လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အစီရင်ခံတင်ပြခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ကတော့ - ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဥပဒေမဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်နဲ့ သွေးချောင်းစီးတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက် လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ဒါကြောင့် တညီတညွတ်တည်း အရေးယူနိုင်အောင် တတ်နိုင်သမျှ နည်းလမ်းတွေကို လုံခြုံရေးကောင်စီက စဉ်းစားဖို့ အထူးကိုယ်စားလှယ်က ဒီအစည်းအဝေးမှာ တိုက်တွန်းခဲ့ပေမဲ့ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့တာပါ။

လုံခြုံရေးကောင်စီရဲ့ အစည်းအဝေးမတိုင်ခင် ဒီကနေ့မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုလုပ်ရပ် ကျူးလွန်သူတွေ တာဝန်ယူမှု တာဝန်ခံရှိလာအောင်လို့ တရုတ်နိုင်ငံ အနေနဲ့ သူတို့ရဲ့ သြဇာအရှိန်အဝါကို အသုံးချသင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေဟာ တရုတ်နိုင်ငံအတွက်လည်း အကျိုးမရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က ပြောဆိုခဲ့ပါတယ်။

မတ်လ ၂၇ ရက်နေ့က နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ဥပဒေမဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် တရက်တည်းမှာတင် လူပေါင်း ၁ဝဝ ကျော် သေဆုံးခဲ့ရတာဖြစ်ပါ တယ်။

ဒါဟာ စစ်အာဏာသိမ်းပြီးကတည်းက သွေးထွက်သံယိုသေဆုံးမှု အများဆုံးဖြစ်ခဲ့တာကြောင့် လုံခြုံရေးကောင် စီကနေ အထူးအရေးပေါ် အစည်းအဝေးလုပ်ဖို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Barbara Woodward က တောင်းဆိုခဲ့တာဖြစ်ပါတယ်။

RFA ကနေ သီးခြားပြုစုထားတဲ့စာရင်းအရ အခုဆိုရင် မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး ကတည်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဥပဒေမဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် နိုင်ငံအနှံ့မှာ သေဆုံးသူ အနည်းဆုံး ၅ဝဝ ကျော် ရှိသွားပါပြီ။ ဒီအထဲမှာ ပိုင်ရှင်မဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သယ်သွားတဲ့ သေဆုံးသူစာရင်းတွေ မပါဝင်တာကြောင့် ဒီ့ထက်မက များနိုင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားတဲ့ စာရင်းမှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ မတ်လ ၃၁ ရက်နေ့အထိ သေဆုံးသူစုစုပေါင်း ၅၃၆ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-04-01 01:24

We do not surprise the objection by china
No wonder