ဗိုလ်ချုပ်မှူးကြီးနှင့် တိုက်ရိုက်ဆွေးနွေးဖို့ အမေရိကန်ကို တရုတ်ပြောကြားခဲ့
2010.12.20

၂၀၀၇ ခုနှစ် မတ်လ ၅ ရက် နေ့စွဲနဲ့ ဘေဂျင်းမြို့ အမေရိကန်သံရုံးက ပေးပို့တဲ့ ကြေးနန်းစာမှာ အဲဒီ ကာလက အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Eric John နဲ့ တရုတ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တာတွေကို မှတ်တမ်းတင်ထားပါတယ်။
Mr. Eric John က ပြောရာမှာ မြန်မာ့အရေးဟာ ဖြေရှင်းရမဲ့ ပြဿနာတရပ်လို့ မိမိတို့ နှစ်နိုင်ငံလုံး ရှုမြင်ပေမယ့် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတဲ့အပေါ်မှာ ကွဲလွဲနေကြောင်း၊ မြန်မာစစ်ဗိုလ်ချုပ်တွေကို ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ NGO အဖွဲ့တွေ ဝင်ခွင့်ပြုဖို့၊ တိုင်းရင်းသားအရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ စတာတွေ ပြောဖို့ လိုအပ်တဲ့အပေါ် မိမိတို့ သဘောချင်း ကိုက်ညီကြောင်း၊ ဒါ့ကြောင့် မြန်မာ့အရေးကို အမေရိကန်နဲ့ တရုတ် တပြိုင်တည်း လုပ်ဆောင်လိုကြောင်း ပြောပါတယ်။
တရုတ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်စေချင်တယ်ဆိုရင် အမေရိကန်အနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ လိုအပ်ကြောင်း ပြန်လည် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး မြန်မာပြည်သူတွေဟာ စိတ်ရှည်သည်းခံတဲ့ လူမျိုးတွေ ဖြစ်တဲ့အတွက် မြန်မာ့အရေးကို ရေရှည် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း၊ မြန်မာခေါင်းဆောင်တွေကို အလွန်အကျွံ ဖိအား မပေးသင့်ကြောင်းနဲ့ မြန်မာအစိုးရဟာ ကောင်းမွန်တဲ့ အစိုးရ မဟုတ်ဘူးဆိုပေမယ့် အစိုးရ လုံးဝ မရှိတဲ့ အခြေအနေဟာ အခုထက်ပိုပြီး ဆိုးဝါးနိုင်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့စွဲနဲ့ နောက်ထပ် ကြေးနန်းတစောင်မှာတော့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့ တရုတ် နိုင်ငံခြားရေးဌာန အာရှရေးရာ ညွန်ကြားရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြတာကို ဖော်ပြထားပါတယ်။
မြန်မာ့ ပြည်တွင်းရေးမှာ တရုတ်က ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပေမယ့် ကိုးကန့်ဒေသ အခြေအနေတွေနဲ့ ပတ်သက်လို့ တရုတ်ရဲ့ အကျိုးစီးပွားကို ထည့်သွင်း စဉ်းစားဖို့ မြန်မာစစ်အစိုးရကို တရုတ်က ပြောဆိုခဲ့ကြောင်း အဲဒီကြေးနန်းစာမှာ ဖော်ပြထားပါတယ်။
Mr. Kurt Campbell ကလည်း မြန်မာစစ်အစိုးရရဲ့ နျူကလီးယား နည်းပညာ စီမံကိန်းတွေဟာ တွေ့ဆုံဆွေးနွေးဖို့ ပို ခက်ခဲ သွားစေနိုင်ကြောင်းနဲ့ အမေရိကန်နဲ့ တရုတ် ပူးတွဲပြီး စစ်အစိုးရရဲ့ ခြေလှမ်းတွေကို တားဆီးရာမှာ တူညီတဲ့ အကျိုးစီးပွား ရှိကြကြောင်း ပြောဆိုခဲ့တယ်လို့လည်း ကြေးနန်းစာမှာ ဖော်ပြထားပါတယ်။