လယ်ယာသုံးနွားတွေ ပြည်ပတင်ပို့မှု တားဆီးဖို့ အဆိုတင်


2018.07.31
chinese-cow တရုတ်နိုင်ငံကို တင်ပို့ဖို့ မူဆယ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ရောက်ရှိလာတဲ့ ကျွဲနွားများ။
RFA

စိုက်ပျိုးရေးအတွက် အသုံးပြုနေတဲ့ နွားတွေကို ပြည်ပတင်ပို့တာ တားဆီးပိတ်ပင်ဖို့ အဆိုပြုချက်ကို ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးမယ်လို့ သိရပါတယ်။ အဲဒီအဆိုကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက တင်သွင်းဖို့ ဇူလိုင်လ ၃ဝ ရက်နေ့က အဆိုပြုခဲ့ပါတယ်။

အခုအခါ မြန်မာနိုင်ငံရဲ့လယ်ယာစိုက်ပျိုးရေးမှာ နွားနဲ့ ထွန်စက် အသုံးပြုနေတဲ့အချိူးဟာ ၂၅း၁ ဖြစ်ပါတယ်။ ဒါပေမဲ့ လယ်သမား အများစုအနေနဲ့ အကြွေးနဲ့ စိုက်ပျိုးစရိတ်အတွက် နွားတွေကို ရောင်းချလိုက်ရလို့ စိုက်ပျိုးရာသီမှာ အခက်အခဲ တွေ့နေရတယ်လို့ ဦးစိန်ဝင်းက ပြောပါတယ်။

ဒီအခြေအနေကြောင့် ထွန်ယက်စိုက်ပျိုးချိန် နှောင့်နှေးနေရပြီး သီးနှံအထွက်လျော့တဲ့အတွက် အခြေခံကုန်ပစ္စည်းတွေ ဈေးကြီးးမြင့်ပြီး၊ စားနပ်ရိက္ခာ ပြဿနာ မြင့်မားလာတယ်လို့လည်း ပြောပါတယ်။

ကျွဲနွားတွေ ပြည်ပပို့ခွင့်ပြုပေမယ့် ထွန်စက်တွေ လုံလောက်အောင် အစားမထိုးနိုင်တာကြောင့် ရေရှည်မှာ စိုက်ပျိုး မွေးမြူရေး ထိခိုက်သွားနိုင်တယ်လို့လည်း ဦးစိန်ဝင်းက ပြောပါတယ်။

ဒီအတောအတွင်း မြန်မာ့နွားကောင်ရေ တစ်သန်းကို တရုတ်ပြည်က တရားဝင် ဝယ်ယူလိုကြောင်း ကမ်းလှမ်း လာတယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာန လက်အောက်က ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောပါတယ်။ ရှမ်းပြည်နယ် မူဆယ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကတဆင့် တရားဝင် တင်သွင်းဖို့ တရုတ်ဘက်က အဆိုပြုထားတယ်လို့ သိရပါတယ်။

မှောင်ခိုကုန်သွယ်မှု ပပျောက်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးအတွက် ၂ဝ၁၇ အောက်တိုဘာ ၉ ရက်နေ့ကစလို့ ကျွဲနွားတွေ တင်ပို့ဖို့ ကုန်သွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ပါတယ်။ အခုအခါ လစဉ် ကျွဲနွားကောင်ရေ ငါးထောင်ဝန်းကျင် တရုတ်နိုင်ငံကို တင်ပို့နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။