တွန်းဇံမြို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူ
2024.05.21

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းဒေသကာကွယ်ရေး (CDF) ပူးပေါင်းတပ်တွေက မေလ ၂၁ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ CNA ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့က ကျီခါးကို လုံးလုံးထိန်းထာနိုင်ပြီ။ တွန်းဇံကိုလည်း ဒီနေ့မနက်မှာ ထိန်းချုပ်နိုင်တဲ့ အနေအထားမှာရှိပြီ။ အခု ရှင်းလင်းရေးတွေ လုပ်နေဆဲဖြစ်တယ်”
တွန်းဇံမြို့ကို မေလ ၁၇ နေ့ကစပြီး CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်တာဖြစ်ပြီး ဒီတိုက်ပွဲမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေဘက်က လေးဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ရှစ်ဦးထက်မနည်းရှိတယ်လို့ သူက ဆိုပါတယ်။
လက်ရှိမှာ တွန်းဇံမြို့ကို နယ်မြေရှင်းလင်းရေးလုပ်နေသလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကိုလည်း သတိထားနေရတာကြောင့် အရပ်သားတွေ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တွန်းဇံမြို့မှာ အိမ်ခြေတစ်ထောင်ကျော်နဲ့ လူဦးရေရှစ်ထောင်ခန့် နေထိုင်ပြီး လက်ရှိမှာတိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ တီးတိန်မြို့နဲ့ တွန်းဇံမြီု့အနီးတစ်၀ိုက်က တောတောင်တွေထဲကို တိမ်းရှောင်နေရတာပါ။
တွန်းဇံမြို့ခံတွေအပြင် တိုက်ပွဲတွေကြောင့် ကျီခါးမြို့နဲ့ ရွာပေါင်း ၁၅ ရွာက ဒေသခံတွေလည်း ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ချင်းပြည်နယ်မှာ တွန်းဇံမြို့ အပါအဝင် ကျီခါး၊ ရိဒ်ခေါဒါရ်၊ ဆူရ်ခွား၊ ရေဇွာ၊ လိုင်လင်းပီ၊ မကွီးအိမ်နူး၊ နှာရိန်၊ ဝေဘူလ၊ ကျင်ဒွေး စတဲ့မြို့ ဆယ်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး ပလက်ဝမြို့နဲ့ ဆမီးမြို့ကိုတော့ ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။