မြစ်ဆုံ သုံးသပ်ရေး ကော်မရှင်ဖွဲ့


2016.08.12
myitsone-dam-620.jpg ကချင်ပြည်နယ်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တွေ့ရစဉ်
Photo: Myo Zaw Ko/RFA

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းတွေ ဆက်ပြီး လုပ်သင့် မသင့် လေ့လာသုံးသပ်ဖို့ ဧရာဝတီ-မြစ်ဆုံ မြစ် ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကို နိုင်ငံတော် သမ္မတ ဦးထင်ကျော် က ဖွဲ့စည်းလိုက်ပါတယ်။

တရုတ်ကုမ္ပဏီနဲ့ချုပ်ဆိုထားတဲ့ စီမံကိန်းစာချုပ်ကို မြစ်ဆုံစီမံကိန်းစိစစ်ရေးကော်မရှင်ကို ပေးသွားမှာဖြစ် သလို ပြည်သူတွေသိသင့်တဲ့ အစိတ်အပိုင်းတွေကို ကော်မရှင်ရဲ့ အစီအရင်ခံစာထဲမှာ ထည့်သွင်းထုတ်ပြန်ပေး သွားမှာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က ဒီကနေ့ ပြောပါတယ်။

"ဧရာဝတီမြစ်ဆုံ မြစ်ညှာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်ကနေပြီးတော့ လူထုကိုလည်း အသိပေးသင့်တာပေးလိမ့်မယ်၊ တချို့သော MOU သဘောတူစာချုပ်တွေရှိတာပေါ့နော်၊ အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ သူတို့အသေးစိတ်လုပ်ပြီးတော့ သူတို့ရဲ့အစီရင်ခံစာထွက်မှာပေါ့နော်၊ အစီ ရင်ခံစာကို နိုဝင်ဘာ ၁၁ ရက်ပြန်တင်ပြဖို့ဆိုပြီး ကျနော်တို့က ပြောထားပြီးသားဖြစ်တယ်၊ အဲ့ဒီတော့ ကော် မရှင်အစီရင်ခံစာနဲ့အတူ အချိန်တန်ရင်ထုတ်ပြန်ပါမယ်"

မြစ်ဆုံစီမံကိန်း လေ့လာသုံးသပ်ရေးကော်မရှင်ကို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က ဥက္ကဌ အနေနဲ့ တာဝန်ယူမှာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြင်ပပညာရှင်တွေ အပါအဝင် လူပုဂ္ဂိုလ် ၂ဝ နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မြစ်ဆုံစိစစ်လေ့လာရေး သုံးသပ်ရေးကော်မရှင်ဟာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာပြဋ္ဌာန်းချက်တွေ၊ ပြည်တွင်းဥပဒေများတွေနဲ့ လုပ်ဆောင်သင့်တဲ့ နည်းပညာတွေနဲ့ စနစ်တကျ လုပ်ဆောင်ထားတာ ရှိ မရှိ ကို စိစစ်ရမှာဖြစ်ပါတယ်။

စီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်နဲ့ ရေသယံဇာတပျက်စီး ဆုံးရှုံးနိုင်မှု အခြေအနေတွေ၊ ဧရာဝတီမြစ်ရဲ့ တည်တံခိုင်မြဲမှုကို အကျိုးသက်ရောက်မှုရှိ မရှိ၊ စီမံကိန်းဆက်လက် ဆောင်ရွက်ရန် သင့် မသင့် နဲ့ နိုင်ငံခြားရင်နှီးမြှုပ်နှံမှုအပေါ်ထိခိုက်မှု အကျိုးသက်ရောက်မှု အခြေအနေ စတဲ့ အချက်တွေကို ကော်မရှင်က စိစစ်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ဧရာဝတီမြစ်အပေါ်ထားတဲ့ သဘောထား ခံစားချက် အမြင်တွေကိုပါ ထည့်သွင်းတင်ပြရမှာဖြစ်သလို လုပ်ငန်းလိုအပ်ချက်အရ တည်ဆဲဥပဒေတွေနဲ့အညီ လူပုဂ္ဂိုလ်တွေကို ခေါ်ယူမေးမြန်းနိုင်သလို စာရွက်စာတမ်းတွေကိုလည်း ကော်မရှင်က တောင်းယူနိုင်တယ်လို့ သမ္မတရုံးရဲ့ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ကော်မရှင်ရဲ့ လေ့လာစိစစ်သုံးသပ်ချက် ပထမအစီအရင်ခံစာကို၂၀၁၆ နိုဝင်ဘာလ ၁၁ ရက် နောက်ဆုံးထား ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဆီကို ပေးပို့ရမှာဖြစ်ပါတယ်။

မြစ်ဆုံကော်မရှင်ရဲ့ လုပ်ဆောင်ရမယ့်အချက်တွေနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို RFA သတင်းထောက် ကိုမျိုးဇော်ကို က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။