ကိုရိုနာကြောင့် တောင်ကိုရီးယားက မြန်မာတွေ နေရပ်ပြန်တာများ

နန္ဒာချမ်း
2020.02.28

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယားနိုင်ငံမှာ စိုးရိမ်မှုအမြင့်ဆုံး အနီရောင်အဆင့်ကို သတ်မှတ်ပြီးတဲ့ နောက်ပိုင်း မြန်မာအလုပ်သမားတွေ နေရပ်ပြန်တာ ပိုများလာနေတယ်လို့ မြန်မာသံရုံးက ပြောလိုက်ပါတယ်။ ဒေသတွင်းနိုင်ငံတချို့မှာ တောင်ကိုရီးယားနိုင်ငံသားတွေကို ဗီဇာပိတ်ပင်တာတွေ စတင်လုပ်ဆောင်လာပေမဲ့ မြန်မာနိုင်ငံကတော့ မရှိသေးလို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃ ဦးနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၀၀ ကျော်သွားပါပြီ။ စောင့်ကြည့်ခံနေရသူကတော့ ၃ သောင်းကျော်ရှိပါတယ်။ တောင်ကိုရီးယားအစိုးရက ဒီလထဲမှာပဲ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် စိုးရိမ်မှု အမြင့်ဆုံးအနီရောင်အဆင့်ကို သတ်မှတ်ခဲ့တာပါ။ ဒီလိုသတ်မှတ်ပြီးတဲ့နောက်ပိုင်းမှာ တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားတွေဟာ စာချုပ်သက်တမ်းမပြည့်သေးဘဲ နေရပ်ပြန်တာတွေ သိသိသာသာ များလာတယ်လို့ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ပြောပါတယ်။

“ပြီးခဲ့တဲ့လတွေတုန်းကဆိုရင်တော့ ပျမ်းမျှအားဖြင့်ပေါ့နော်။ တစ်လ နှစ်ကြိမ် အကြောင်းကြားတဲ့အခါမှာ လူ ၁၀၀ နဲ့ ၁၅၀ ကြား နှစ်ပတ် တစ်ကြိမ်ကို အဲ့လောက်ပဲရှိတယ်။ အခု ဖေဖော်ဝါရီလ တတိယပတ်နဲ့ စတုတ္ထပတ်ပေါ့နော် ကျနော့်ဆီ ပြန်မယ်လို့ အကြောင်းကြားလာတာကတော့ ၁၅၀ ကျော် ၂၀၀ လောက်အထိ တက်သွားတာရှိတယ်။ အဲ့ဒါ ဘာကြောင့်လဲဆိုတော့ သူတို့ အပြီးပြန်အကြောင်းကြားစာမှာ ကြည့်တဲ့အခါ စာချုပ်သက်တမ်းက ၄ လပိုင်း ၅ လပိုင်းမှ ပြည့်မယ်ပေါ့နော်။ ဒါပေမဲ့ သူတို့က တစ်လ နှစ်လလောက် စောပြန်သွားတာမျိုးတွေရှိတယ်။ အဲ့ဒါကြောင့်မို့ ဒီဘက်ပိုင်းမှာ ပြန်တဲ့သူပိုများတယ် ကျနော့်ဆီ အပြီးပြန်စာရင်းပို့တဲ့အထဲမှာတော့လေ”

တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၂၃၀၀ ထဲက ၂၀၀၀ နီးပါးဟာ ဒေဂူးမြို့က ဖြစ်ပါတယ်။ အခုအချိန်ထိတော့ မြန်မာအလုပ်သမားတွေကြားမှာ ဒီဗိုင်းရပ်စ်ကူးစက်ခံရသူ မရှိသေးပါဘူး။ ဒေဂူးမြို့ထဲမှာတော့ လူသွားလူလာ မရှိသလောက် ခြောက်ကပ်နေပေမဲ့ စက်ရုံအလုပ်ရုံတွေကတော့ လည်ပတ်နေဆဲလို့ ဒေဂူးမြို့က မလှယမင်းအိမ်က ပြောပါတယ်။

“ကိုရီးယားမှာ မြန်မာအများစုက လုပ်သားတွေဆိုတော့ အခုထိတော့ စက်ရုံတွေက မပိတ်သေးဘူးအမ။ လမ်းမှာ စားသောက်ဆိုင်တွေ ပိတ်လိုက်တော့ ညီမသူငယ်ချင်းကျောင်းသူတွေဆိုရင် စားသောက်ဆိုင်တို့ ဘာတို့မှာ အချိန်ပိုင်းလုပ်ရတာကိုး။ စားသောက်ဆိုင်တွေ ပိတ်လိုက်တော့ သူတို့လည်း အချိန်ပိုင်း အလုပ်မရှိတော့ဘူးပေါ့နော်။ ကျောင်းသားကျောင်းသူတွေ အချိန်ပိုင်းအလုပ်မရှိတော့တာကလွဲလို့ တခြားလုပ်သားတွေကတော့ အဆင်ပြေပါသေးတယ်။ တောင်ကိုရီးယားအစိုးရက စက်ရုံအလုပ်ရုံတွေ လုံး၀ ပိတ်ခွင့်မပေးဘူး”

တောင်ကိုရီးယားနိုင်ငံမှာ တရားဝင် မြန်မာအလုပ်သမားအရေအတွက် သုံးသောင်းခွဲကျော်လို့လည်း အလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ပြောပါတယ်။ တရားမဝင် အလုပ်သမားစာရင်းနဲ့ ပေါင်းမယ်ဆိုရင်တော့ ခန့်မှန်းချေ ငါးသောင်းဝန်းကျင် ရှိနိုင်တယ်လို့လည်း အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ ဒေဂူးမြို့မှာဆိုရင် မလှယမင်းအိမ် အပါအဝင် မြန်မာနိုင်ငံသား တော်တော်များများဟာ အိမ်ပြင် သိပ်မထွက်ကြတော့ဘူးလို့ ဆိုပါတယ်။

“ကိုရိုနာစဖြစ်ကတည်းက အိမ်ထဲကအိမ်ပြင်မထွက်တာ နှစ်ပတ် သုံးပတ်လောက်ရှိပြီ။ အပြင်မှာဆိုရင် နှာခေါင်းစည်းမပါတဲ့သူ ဘယ်သူမှမရှိတော့ဘူး။ အခုဆိုရင် ဝတ်စုံအပြည့် ဝတ်တဲ့သူတွေတောင်ရှိတယ်။ မျက်နှာအရှည်ကြီးတခုလုံး ကာထားတယ်။ အဲ့လိုမျိုးပေါ့။ ဒီကူးစက်ရောဂါကို သေချာကာကွယ်ဖို့အတွက် ဝတ်ပြီးတော့မှ သွားလာနေတဲ့သူတွေတောင် ရှိတယ်။ ဒါပေမဲ့ လမ်းမပေါ်မှာက လူကို မရှိတော့တာ။ ကားတွေနဲ့ ပစ္စည်းလိုက်ပို့ပေးရတဲ့ ဆိုင်ကယ်တွေရှိမယ်။ ဈေးဝယ်တွေကျပြန်တော့လည်း ဒီမှာ အင်တာနက်အွန်လိုင်းကနေပဲ မှာကျတော့လေ လူတွေက အပြင်မထွက်ကြဘူး”


ဂျပန်နိုင်ငံမှာတော့ ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာထားပါပြီ။ ဗီယက်နမ်နိုင်ငံကလည်း တောင်ကိုရီးယားနိုင်ငံသားတွေကို ဗီဇာပိတ်ပင်ကြောင်း ဒီကနေ့ပဲ ကြေညာခဲ့ပါတယ်။ တခြားနိုင်ငံသားတွေဆိုလည်း တောင်ကိုရီးယားနိုင်ငံသွားရောက်ခဲ့တယ်ဆိုရင် ၁၄ ရက်စောင့်ကြည့်ပြီးမှ ပြည်ဝင်ခွင့်ပေးမယ်လို့ ကြေညာထားတာပါ။ မြန်မာအစိုးရကတော့ လောလောဆယ် တောင်ကိုရီးယားနိုင်ငံသားတွေကို ဗီဇာပိတ်ပင်တာ၊ ကိုရီးယားလေကြောင်းလိုင်းတွေကို ယာယီရပ်ဆိုင်းတာတွေ လုပ်ဖို့ မရှိသေးဘူးလို့လည်း ဆိုးလ်မှာရှိတဲ့ မြန်မာသံရုံးက RFA ကို ပြောပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကတော့ - ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး - မဖြစ်မနေ တိုင်ကြားအသိပေးရမယ့် ကူးစက်ရောဂါအဖြစ် ဖေဖော်ဝါရီ ၂၈ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။