ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နိုင်ငံတကာအရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ


2020.01.30
who-622.jpg ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ညွန်ကြားရေးမှူးချုပ် Tedros Adhanom
Photo: AFP

တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါပိုး ကူးစက်ပျံ့ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။

WHO ရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇန်နဝါရီလ ၃ဝ ရက် မနေ့ကပြုလုပ်တဲ့ ဒုတိယအကြိမ် အရေးပေါ်ကော်မတီ အစည်းအဝေးမှာ ဒေသစံတော်ချိန်နေ့လယ် ၁ နာရီခွဲကနေ ညနေခင်း ၆ နာရီခွဲအထိ ဆွေးနွေးခဲ့ကြပြီးနောက် WHO ညွန်ကြားရေးမှူးချုပ် တီဒရို အက်ဒ်ဟမ်နွန် (Tedros Adhanom) က အရေးပေါ်အခြေအနေအဖြစ် ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

အရေးပေါ်အခြေအနေ ကြေညာတာဟာ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် မဟုတ်ဘဲ၊ တရုတ်နိုင်ငံပြင်ပက  တခြားနိုင်ငံတွေမှာပါ ဖြစ်နေတဲ့ အခြေအနေတွေကြောင့်လို့ Tedros Adhanom က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အရေးပေါ်အခြေအနေ ကြေညာဖို့ ဆုံးဖြတ်လိုက်ပေမယ့်၊ ရောဂါပိုးပျံ့နှံ့နေတဲ့ ဒေသတွေနဲ့ ကုန်သွယ်ရေးနဲ့ ဆက်သွယ်ရေး လုပ်ဆောင်တာတွေကို တားဆီး ပိတ်ပင်မယ့် ဆုံးဖြတ်ချက်တွေတော့ မပါဝင်ဘဲ၊  WHO အနေနဲ့ ရောဂါပိုးကာကွယ်ဆေး ဖန်တီးနိုင်ဖို့အတွက်သာ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

မနေ့က ဆွေးနွေးပွဲမှာ တရုတ်ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားလှယ်တွေက တရုတ်နိုင်ငံတွင်းက နောက်ဆုံးအခြေအနေနဲ့ ဆောင်ရွက်ထားမှုတွေကို အစီရင်ခံတင်ပြခဲ့ပါတယ်။ တရုတ်တစ်နိုင်ငံလုံးမှာ ရောဂါပိုးတွေ့ရှိသူ ၇၇၁၁ ဦးနဲ့ သံသယလူနာ ၁၂၁၆၇ ဦးရှိပြီး၊  သေဆုံးသူ ၁၇ဝ၊ ကုသပျောက်ကင်းသူ ၁၂၄ ဦီး ရှိကြောင်း ပြောပါတယ်။

WHO တာဝန်ရှိသူတွေက တခြားနိုင်ငံတွေကို ဗိုင်းရပ်စ်ပိုးရောက်ရှိမှု အခြေအနေနဲ့ပတ်သက်လို့ ရှင်းလင်းအစီရင်ခံရာမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ ရောဂါပိုးတွေ့သူ ၈၂ ဦးရှိတဲ့ထဲက ၇ ဦးကလွဲလို့ ကျန်သူအားလုံးဟာ တရုတ်နိုင်ငံကို ခရီးသွားခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံသုံးနိုင်ငံမှာ လူအချင်းချင်းကနေ ရောဂါပိုးကူးစက်တာကို တွေ့ရပြီး လောလောဆယ် သေဆုံးသူ မရှိဘူးလို့ သိရပါတယ်။

ပထမအကြိမ် အရေးပေါ်ကော်မတီ အစည်းအဝေးမှာ နှစ်ရက်ဆက်တိုက် ဆွေးနွေးခဲ့ကြပေမယ့် အမြင်ကွဲလွဲကြပြီး အရေးပေါ်အခြေအနေ သတ်မှတ်ဖို့ အချိန်မကျသေးဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ရောဂါပိုးကူးစက်သူ အရေအတွက်နဲ့ ရောဂါပိုးကူးစက်တဲ့ နိုင်ငံတွေ သိသိသာသာ များပြားလာတဲ့အတွက် ဒုတိယအကြိမ် အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားမှု သုတေသနပြုရေးနဲ့ ထိန်းချုပ်ရေးအတွက် တရုတ်အစိုးရ အဆင့်အမြင့်ဆုံး ခေါင်းဆောင်တွေကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့တဲ့အပေါ် ကြိုဆိုကြောင်း ကော်မတီဝင်တွေက ပြောပါတယ်။

တရုတ်အနေနဲ့ ဒီဗိုင်းရပ်စ်ပိုးကို အလျင်အမြန် လေ့လာဖော်ထုတ်နိုင်ခဲ့ပြီး သတင်းအချက်အလက် ဝေမျှခဲ့တဲ့အတွက် တခြားနိုင်ငံတွေအတွက် ရောဂါ ခွဲခြားဆုံးဖြတ်ရေး ကာကွယ်ရေးလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ်  တခြားနိုင်ငံတွေကို ကူးစက်ပျံ့နှံ့နိုင်သေးတဲ့အတွက် ရောဂါဖြစ်ပွားမှု စောင့်ကြည့်စစ်ဆေးတာ၊ ရောဂါကုသမှု စီမံခန့်ခွဲတာ၊ အတူနေသူတွေကို ကျန်းမာရေးစစ်ဆေးတာ၊ ကြိုတင်တားဆီးတာတွေ ဆက်လက်လုပ်ဆောင်ပြီး ရောဂါထိန်းချုပ်ရေးအတွက် ပြင်ဆင်ထားကြဖို့လည်း WHO  ရဲ့ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ WHO က ပြဌာန်းထားတဲ့ နိုင်ငံတကာကျန်းမာရေးစည်းမျဉ်းတွေနဲ့အညီ နိုင်ငံအားလုံး သတင်းအချက်အလက် အပြည့်အစုံကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကို ပေးပို့ဖို့ ဥပဒေကြောင်းအရ တာဝန်ရှိတယ်လို့လည်း သတိပေးထားပါတယ်။

WHO ရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံရှိပြီး၊  ကူးစက်ခံရသူ ၇၈ဝဝ ကျော် ရှိပါတယ်။

အခုသတင်းရေးသားနေချိန်မှာတော့ ရောဂါပိုး စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံမှာ ကူးစက်ခံရသူ  ရှစ်ထောင်ကျော်နဲ့ သေဆုံးသူ ၁၇၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။